စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း နှင့် ဂျင်ဝိုင်းအစရှိသော လောင်း ကစား လုပ်ငန်းများ ရပ်တန်းကရပ်ကြရန်နှင့် မရပ်ဘဲ ဆက်လက် လုပ်ဆောင်ကြပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မုံရွာအခြေစိုက်ညီနောင်မဟာမိတ်များက သတိပေးလိုက်သည်။
မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ အထူးသဖြင့် မုံရွာမြို့နယ်တောင်ပိုင်းရှိ မြေနဲ၊ မင်းရွာ၊ တောင်ကုန်း၊ ကူတော့ပုလင်၊ တောင်ပေါ်၊ နိဗ္ဗာန်ဝ ၊ ဗန်စီ နှင့် မုံရွေး၊ ကြေးမုံ ကျေးရွာများတွင် ကြက်ဝိုင်း၊ ဖဲဝိုင်း နှင့် ဂျင်ဝိုင်းများ ဖွင့်ကာ လောင်းကစားလုပ်ငန်းများ ပြုလုပ်နေကြသည်ဟု သတင်းအတိအကျ သိထားကြောင်း၊အထက်ပါ လောင်းကစားလုပ်ငန်းများ ရပ်တန်းက ရပ်ကြရန် မုံရွာအခြေစိုက်ညီနောင်မဟာမိတ်များက ယနေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတိပေးခဲ့ခြင်းဖြစ်သည်။
ရပ်တန်းက မရပ်ဘဲ ဆက်လက် လုပ်ဆောင်ကြပါက ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း ညီနောင်မဟာမိတ်များက ပြည်သူလူထုအကျိုး ရှေးရှုကာ သတိပေးလိုက်သည်ဟု သတိပေးကြေညာချက်တွင် ရေးသားထားသည်။
အဆိုပါကျေးရွာများအပြင် မုံရွာမြို့ပေါ်တွင်လည်း လောင်းကစားဝိုင်းများပြုလုပ်မှုများရှိနေပြီး လမ်းသွားလမ်းလာများအတွက် အနှောင့်အယှက်ဖြစ်စေကြောင်း၊ လောင်းကစားဝိုင်းများအပြင် ခိုးဆိုးလုယက်ဖြစ်စဥ်များလည်း ပိုမိုဖြစ်ပွားလာကြောင်း မုံရွာနယ်ခံများက ပြောသည်။

Public Service Announcement


















































