ဩဂုတ်−၃၀၊၂၀၂၆။ရွှေပြည်စိုး/People’s Spring
ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့ဒေသခံသတင်းရင်းမြစ်အချို့ကပြောပါတယ်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)က အရာရှိအချို့ဦးဆောင်တဲ့ အဖွဲ့ဆီကို MNDAA အရာရှိအချို့က လားရှိူး -သိန္နီနယ်စပ်မှာ လွှဲပေးလိုက်တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“ဒီတခါလည်း သုံ့ပန်း၁၀၀ ကျော်တယ်။အရာရှ်ိကြီးပိုင်းတော့မပါဘူး”လို့အထက်ပါသတင်းရင်းမြစ်ကပြောပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ဇူလိုင်၁၄ရက်ကလည်းစစ်တပ်အရာရှိတချို့နဲ့ MNDAA အရာရှိတချို့ လားရှိုးမြို့ကဆင်နှစ်ကောင်ဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးစစ်သုံ့ပန်း၁၀၀ခန့်ကိုလွှဲပေးခဲ့ပါသေးတယ်။
MNDAAဟာ၂၀၂၃ အောက်တိုဘာ၂၇ရက်မှာဖော်ဆောင်ခဲ့တဲ့၁၀၂၇စစ်ဆင်ရေးအတွင်း ဗိုလ်ချုပ်အချို့အပါအဝင်စစ်သုံ့ပန်းထောင်ချီ ဖမ်းဆီးခဲ့ပါတယ်။၂၀၂၄ ဇန်နဝါရီ ၅ရက်က လောက်ကိုင် ဒကစ တိုက်ခိုက်သိမ်းပိုက်ချိန်မှာလက်နက်ချ အညံ့ခံခဲ့တဲ့လောက်ကိုင်ဒကစမှူး ဗိုလ်မှူးချုပ်မိုးကျော်သူ၊ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အပါအဝင် ဗိုလ်မှူးချုပ် ၆ ဦး၊ အရာရှိ ၂၂၈ ဦး၊အခြားအဆင့် ၁,၈၉၅ဦးကို ဖမ်းပြီး တစ်ပတ်ခန့်အကြာမှာ MNDAAက ပြန်လွှတ်ပေးခဲ့ဖူးပါတယ်။
လားရှိုးမြို့ကအရှေ့မြောက်တိုင်းစစ်ဌာနချုပ်သိမ်းတဲ့တိုက်ပွဲမှာလည်းတိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၊စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(၁) ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ ရမခတိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်သန့်ထင်စိုးတို့လည်း MNDAAက ဖမ်းမိခဲ့ပြီး စစ်တပ်ထံ ပြန်လွှဲပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ရက်နဲ့ ဖေဖော်ဝါရီ ၂၈ရက်မှာလည်း စစ်သုံ့ပန်း ၇၀၀ ကျော် ပြန်လွှတ်ပေးခဲ့ပါတယ်။
MNDAAဟာ ၂၀၂၃ အောက်တိုဘာ ၂၇ရက်မှာမှာ ညီနောင်မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)နဲ့တအာင်းတပ်မတော်(TNLA)တို့နဲ့အတူ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ပြီး လားရှိုး၊ လောက်ကိုင်၊ ချင်းရွှေဟော်၊မုန်းကိုး၊ဖောင်းဆိုင်၊ကုန်းကြမ်း၊ပန်လုံ၊ ကွမ်းလုံ၊ သန္ဓီ၊ တာမိုးညဲ၊ ပန်ဆိုင်း မြို့တွေကို သိမ်းပိုက်ခဲ့ပါတယ်။
သိမ်းယူထားတဲ့ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား ဖော်ဆောင်နေစဉ်တရုတ်အစိုးရရဲ့ ဖိအားကြောင့် စစ်တပ်နဲ့အပစ်ရပ်ထားသလို လားရှိုးမြို့ကိုလည်း ၂၀၂၅ ဧပြီမှာ စစ်တပ်ထံ ပြန်လွှဲပေးခဲ့ရပါတယ်။
သိန္နီနဲ့ ကွတ်ခိုင်မြို့အပါအဝင် MNDAAက ၎င်းတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို စုစည်းပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ကိုးကန့်အထူးဒေသကို ဖွဲ့စည်းကြောင်း ဇန်နဝါရီလဆန်းက ကြေငြာခဲ့ပါတယ်။
စစ်တပ် လုံးဝကင်းစင်သွားပြီဖြစ်တဲ့ ကိုးကန့်ဒေသကို အထူးဒေသ(၁)အဖြစ် သတ်မှတ်ထားပြီး ကိုးကန့်မြို့တော်အဖြစ် လောက်ကိုင်နဲ့ ကွတ်ခိုင်၊ သိန္နီ၊လောက်ကိုင်၊ မုံးကိုးခရိုင်ဆိုပြီးခရိုင် (၄) ခု၊ မြို့တော် (၁) ခုအဖြစ် ဖွဲ့စည်းလိုက်တာလို့ ကြေညာခဲ့ပါတယ်။
ယခုရက်ပိုင်းမှာ MNDAA ထိန်းချုပ်ဒေသတွေနဲ့ပတ်သက်တဲ့ သတင်းမျိုးစုံထွက်နေပါတယ်။
လားရှိူးနဲ့ ဆက်စပ်နေတဲ့ သိန္နီမြို့ကို စစ်တပ်က ပြန်တောင်းနေသလို စစ်တပ်ကင်းထောက်လေယာဉ်တွေပြန်သန်းမှု ပိုများလာတယ်လို့ သိရပါတယ်။


















































