သြဂုတ်-၃၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
အနောက်တောင်မုတ်သုံလေအားကောင်းနေတာ နဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ပါတယ်။
သြဂုတ်လ (၃၁)ရက်နေ့ကနေ စက်တင်ဘာလ(၆)ရက်နေ့အထိမြန်မာနိုင်ငံဒေသအများအပြားမှာ မိုးရွာနိုင်ပြီးစစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းလည်း ပိုအားကောင်းလာနိုင်သလို တချိန်တည်းမှာ အနောက်တောင်မုတ်သုံလေ အားကောင်းရာမှ အားအလွန်ကောင်းနိုင်ပြီး နေရာကွက် မိုးကြီးနိုင်တယ်လို့ သတိပေးထားပါတယ်။လက်ရှိရာသီဥတုအခြေအနေအရ နောက်ဆက်တွဲ ရေကြီးရေလျှံခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်း၊ ကမ်းပါးပြိုမြေပြိုခြင်းနဲ့ လျှပ်တစ်ပြက် ရေကြီးခြင်း တွေဖြစ်ပေါ်နိုင်တဲ့အတွက် အထူးသတိပြုနေထိုင်ဖို့လည်း တိုက်တွန်းထားပါတယ်။

Public Service Announcement
MoSLHA သတိပေးထားတဲ့ဒေသတွေထဲမှာ လက်ရှိ ရေဘေးကြုံတွေ့နေတယ်ဒေသတွေလည်းပါဝင်နေပါတယ်။စစ်ကိုင်းယူနစ်၊ မန္တလေးယူနစ်၊ မကွေးယူနစ်၊ ဧရာဝတီတိုင်းနဲ့ ကရင်ပြည်နယ်က မြို့နယ်ပေါင်း ၂၅ မြို့နယ်မှာ ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး လူဦးရေခြောက်သိန်းကျော် ရေဘေးရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။ဘေးသင့်ဒေသတွေမှာသေဆုံးသူ ၃၂ ဦးနဲ့ ပျောက်ဆုံးသူ ၂ ဦး ရှိတယ်လို့ ဆိုပါတယ်။
“ရေက ကျတယ်ကို မရှိဘူး။ လူသေဆုံးတာတွေလည်းတိုးလာတယ်။စပါးခင်းတွေ၊ကလောခင်းတွေ၊ငှက်ပျောခြံတွေလည်းအများကြီးပျက်စီးတယ်။စစ်တပ်ကအမှန်တကယ်ကူညီတာမဟုတ်လို့ အရမ်းဒုက္ခရောက်တယ်” လို့ ဧရာဝတီတိုင်း၊ ရေကြည့်မြို့ခံတစ်ဦးကပြောပါတယ်။
ရေဘေး ဆိုးဆိုးရွားရွားကြုံတွေ့ခဲ့တဲ့စစ်ကိုင်းတိုင်းမှာလည်းတန့်ဆည်၊ကန့်ဘလူ၊ကျွန်းလှ၊အရာတော်၊ခင်ဦး၊ရေဦး၊ရွှေဘို၊ဝက်လက်၊မြင်းမူနဲ့ဒီပဲယင် မြို့နယ်တွေမှာ အကူအညီတွေလိုအပ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
ရေဘေးသင့်ဒေသတွေမှာစိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီး ကျေးရွာများစွာမှ ပြည်သူလူထု သောင်းပေါင်း များစွာဟာ အရေးပေါ် ထောက်ပံ့ကူညီမှုတွေလိုအပ်နေတယ်လို့ MoSLHAကထုတ်ပြန်ထားပါတယ်။
ယခုတစ်ပတ်အတွင်း မိုးကြီးနိုင်တဲ့ဒေသတွေက စစ်ရှောင်စခန်းတွေ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ မိုးလေဝသအခြေအနေကို အထူးသတိပြုပြီး ကြိုတင်ပြင်ဆင်ခြင်းနဲ့နေရာပြောင်းရွှေ့ခြင်းတို့အတွက် အသင့်ရှိနေဖို့လည်းMoSLHAသတိပေးထားပါတယ်။


















































