ဇေအောင်/People’s Spring
မန္တလေးမြို့က ရပ်ကွက်ဓမ္မာရုံတစ်ခုမှာ လူလတ်ပိုင်းအမျိုးသမီးတွေနဲ့လူကြီးပိုင်း အမျိုးသမီးကြီးတွေ စုဝေးကာ ထိုင်နေကြတယ်။ သူတို့ဘေးနားမှာတော့ အရွယ်ကောင်း သားယောကျာ်းလေးတချို့ ကပ်ထိုင်နေတယ်။ စစ်မှုထမ်းမဲနှိုက်ဖို့အတွက် သားအမိတွေ ရောက်လာကြတာပါ။ သားတွေကော မိခင်တွေပါ မျက်နှာတွေ မကောင်းလှဘူး။
အသက် ငါးဆယ်ကျော်အရွယ် မိခင်တစ်ယောက်ဆိုရင် စကားတောင်မပြောနိုင်ဘူး။ သူ့သားကလေး နံပါတ်စဥ် စောစောမပေါက်ရအောင် ရသမျှ ဘုရားစာတွေ တတွတ်တွတ် ရွတ်ဆိုနေခဲ့တယ်။နာမည်ခေါ်လိုက် အမှတ်စဥ် အော်လိုက် အသံကြားထဲမှာ မိခင်တွေဟာ ရင်တွေ ဗလောင်ဆူနေခဲ့ပါတယ်။
မန္တလေးမြို့မှာ သားတွေ စစ်မှုထမ်းဖို့ မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရပြီး မိခင်တွေ စိတ်သောကရောက်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“နံပါတ်စဥ် စောကျတဲ့သူတွေဆို မအေတွေ ငိုယိုနေကြတာ”လို့ မဲနှိုက်ခဲ့တဲ့ရပ်ကွက်တစ်ခုက မိခင်တစ်ဦးက ဆိုပါတယ်။ ဒါ့အပြင် ရောဂါအခံရှိတဲ့ မိခင်တွေဆိုရင် သွေးတိုးတာ၊ မူးလဲကျတာတွေပါ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သြဂုတ်လမှာ မန္တလေးမြို့က ချမ်းမြသာစည် နဲ့ အမရပူရမြို့နယ်တွေမှာ ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းဖို့ မဲနှိုက်နေရပြီး မိခင်တွေကိုယ်တိုင် မဲနှိုက်ပေးနေရတဲ့အတွက် စိတ်သောကတွေ ရောက်နေရတာပါ။ လာရောက်မဲနှိုက်ခြင်းမရှိတဲ့ မိဘတွေကိုတော့ ၎င်းတို့ကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က မဲနှိုက်သွားမယ်လို့ ကြေညာ ခြိမ်းခြောက်ပါတယ်။ မိခင်တွေလည်း သွားလည်းနားမထောင်ရဲသလို မသွားရင်လည်း ဖြစ်ချင်သလိုဖြစ်သွားမှာ စိုးရိမ်ကြတာကြောင့်အရဲစွန့်သွားခဲ့ကြရတယ်လို့ မိခင်တွေက ပြောပါတယ်။
မဲနှိုက်တဲ့အခါ ပြည်တွင်းမှာရှိတဲ့သားတွေအပြင် ပြည်ပရောက်နေတဲ့ သားတွေအတွက်ပါစစ်တပ်က ဖိအားပေး မဲနှိုက်ခိုင်းနေတာပါ။
အာဏာသိမ်းစစ်တပ်ဟာ ရပ်ကွက်တွေထဲ စစ်မှုထမ်း မဲနှိုက်တာအပြင် ပေါ်တာဆွဲတာကိုလည်း မရပ်ပါဘူး။ မန္တလေးမြို့ပေါ်မှာနေ့ရောညပါ စစ်မှုထမ်း (စမထ) ဆွဲဖမ်းဆီးမှုများပြားနေပြီးအရင်လိုငွေပေးရွေးရန်မလွယ်ကူတော့ဘူးလို့စုံစမ်းသိရပါတယ်။အိမ်စီကားတွေနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးနေကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်အုပ်စုဟာ မန္တလေးတိုင်းထဲက ဝမ်းတွင်း၊ ညောင်ဦး၊ ကျောက်ပန်းတောင်းနဲ့ ရန်ကုန်တိုင်းက မြို့နယ်တွေမှာလည်း ပေါ်တာဆွဲမှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။
အာဏာသိမ်းစစ်တပ်က စစ်မှုမထမ်းမနေရ ဥပဒေကို၂၀၂၄ ဖေဖော်ဝါရီလမှာ ပြဌာန်းပြီးလူငယ်တွေကို ဖိအားပေးစစ်မှုထမ်းခိုင်းနေတာဖြစ်ပါတယ် ။ဒါ့အပြင် လိုအပ်တဲ့အရေအတွက်ရဖို့ နည်းမျိုးစုံနဲ့ပေါ်တာလည်းဆွဲပါတယ် ။
စစ်မှုထမ်းစစ်သားသစ် တွေရဲ့အင်အား၊တရုတ်၊ရုရှား စတဲ့နိုင်ငံတွေက လက်နက်နဲ့နည်းပညာအကူအညီတွေနဲ့ ဆုံးရှုံးနယ်မြေတွေကို တန်ပြန်ထိုးစစ်ဆင်ပြန်သိမ်းဖို့ကြိုးစားနေတာဖြစ်ပါတယ် ။ မြို့ပေါင်း ၂၀ခန့်ပြန်ထိန်းချုပ်နိုင်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်းမှအပ နိုင်ငံတစ်ဝန်းခုခံမှုကောင်းတဲဒေသတွေမှ တော်လှန်ရေးအဖွဲ့တွေက ခုခံစစ်၊တန်ပြန်ထိုးစစ်ဆင်နွှဲတာကြောင့် စစ်တပ်ဟာ တိုက်ပွဲကာလရှည်ကြာလာတာနဲ့အမျှစစ်သားတွေသေဆုံးတာ ၊ဒဏ်ရာရတာ၊ထွက်ပြေးတာ ၊ တော်လှန်ရေးတပ်တွေထံအလင်းဝင်တာလည်းများနေပါတယ်။
ဒါ့ကြောင့် စစ်တပ် က ၂၀၂၆ နှစ်ဆန်းပိုင်းကစပြီး စစ်သားသစ်စုဆောင်းတာ၊ပေါ်တာဆွဲတာကို ရန်ကုန်လို ၊မိတ္ထီလာလိုမြို့ စတဲ့မြို့တွေမှာပါ ပေါ်တာဆွဲတာကို အတင့်ရဲစွာလုပ်လာပါတယ်။ ရခိုင်ပြည်နယ် ၊ချင်းပြည်နယ် ၊ စစ်ကိုင်း-ကချင်ပြည်နယ်အစပ် ၊မကွေးတိုင်း ၊ကရင်ပြည်နယ် ၊ ရခိုင်နဲ့ဆက်စပ်နေတဲ့ ဧရာဝတီ-ပဲခူး-မကွေး စတဲ့ဒေသကတိုက်ပွဲတွေမှာ စစ်သားသစ်တွေကိုအဓိကသုံးပြီးတိုက်တာမှာ အခုလပိုင်းအတွင်းတိုက်ပွဲတွေမှာ စစ်သားသစ်တွေသေဆုံး ဒဏ်ရာရတာ ထွက်ပြေးတာတွေအလွန်များနေတယ်လို့ တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ဒါကြောင့်စစ်တပ်က ပြည်သူ့စစ်လို့ခေါ်တဲ့ စစ်သားသစ်လိုအပ်ချက်ပိုများလာတာကြောင့် စစ်သားသစ်စုဆောင်းတာ ၊ပေါ်တာဆွဲတာတွေကိုတိုးလုပ်လာပါတယ်။
ဒီအခြေအနေမှာ ပြည်သူတွေအနေနဲ့ လူငယ်တွေကို စစ်သားသစ်စုဆောင်းမခံရအောင် ၊ပေါ်တာဆွဲမခံရအောင်ပါးနပ်စွာနေကြဖို့တော်လှန်ရေးအင်အားစုတွေက နှိုးဆော်နေကြပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ သြဂုတ်လကပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းအပတ်စဥ် (၂၇)ကို လူမပြည့်ဘဲ လုပ်လိုက်ရတယ်လို့သတင်းတွေထွက်နေပြီး ယခု စက်တင်ဘာလမှာ ပြုလုပ်မယ့် စစ်မှုထမ်း အပတ်စဥ် (၂၈)အတွက် စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အရင်အကြိမ်တွေထက် ဖိအားပေး လုပ်နေတာဖြစ်ကြောင်း စုံစမ်းသိရပါတယ်။
ဒါကြောင့်မန္တလေးမြို့ ၊ရန်ကုန်မြို့ အပါအဝင် မြို့ကြီးတွေမှာဧည့်စာရင်းစစ်ဆိုပြီးပေါ်တာဆွဲဖမ်းဆီးတာတွေလည်း အဖြစ်များနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ “ညဆို ကိုယ်ငှားနေတဲ့ရပ်ကွက် မအိပ်ရဲလို့ နည်းနည်းစိတ်ချရတဲ့ရပ်ကွက် ပြောင်းအိပ်နေရတယ်”လို့ မန္တလေး အောင်မြေသာစံမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

















































