စက်တင်ဘာ−၁၊၂၀၂၆။ဇော်ရမ်း/People’s Spring
ဧရာဝတီတိုင်းက ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းမှာ ရေဘေးအလှူသွားတဲ့ လှေမှောက်ပြီး လူ ၃ ဦးသေဆုံးသွားလို့ ငါးသိုင်းချောင်းမြို့ဟာ ဧရာဝတီတိုင်း ရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ငါးသိုင်းချောင်းမြို့အနီး ရေမြုပ်နေတဲ့ လမ်းပိုင်းမှာ ဩဂုတ် ၃၁ရက် မနက်ပိုင်းက လှေတစ်စီး မျောပါတိမ်းမှောက်ခဲ့တာပါ။ ယမန်နေ့က ကနဦးကြားရတဲ့သတင်းတွေအရ ၁ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ သိရပေမယ့် ရုပ်အလောင်းပဲ ဆယ်ယူနိုင်ခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပျောက်ဆုံးနေသူ ၂ဦးကိုဆက်လက်ရှာဖွေစဉ် ဒီနေ့ စက်တင်ဘာ ၁ရက် မနက်ပိုင်းမှာ သေဆုံးလျက်ပြန်လည်တွေ့ရှိတာလို့ ဆိုပါတယ်။

Public Service Announcement
” ရေဘေးကို လှူတဲ့လှေ မှောက်သွားတာ။ သုံးယောက်စလုံးကအမျိုးသားတွေချည်းပဲ။ ရေကနက်လည်းနက်တယ်။ အရှိန်နဲ့ စီးနေတာဆိုတော့ လှေကိုမနိုင်ရင်မှောက်တာများတယ်။ ကျနော်တို့ငါးသိုင်းချောင်းက ရေဘေးကြောင့် သေဆုံးသူအများဆုံးဖြစ်နေပြီ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ငါးသိုင်းချောင်း-အိုင်သပြုလမ်းပိုင်းဟာ ရေမြုပ်နေပြီး ကား၊ဆိုင်ကယ်တွေဖြတ်လို့မရလို့ ဒေသခံတွေနဲ့ ရေဘေးကူညီကယ်ဆယ်ရေးလုပ်နေသူတွေဟာ ဝါးဖောင်တွေ၊ လှေတွေ၊ စက်လှေတွေနဲ့သာ သွားလာနေကြတာပါ။
ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၃၀ရက်က ငဝန်မြစ်ရေကာတာကျိုးကျခဲ့ပြီး လေးမျက်နှာမြို့နယ်အပြင် ဟင်္သာတ၊ ရေကြည်၊ ကျုံ ပျော်နဲ့ ငါးသိုင်းချောင်း၊ကျောင်းကုန်း၊ ပန်းတနော်၊ အသုတ်မြို့နယ်ဘက်မှာ ရေကြီးနေဆဲဖြစ်ပါတယ်။
ငါးသိုင်းချောင်းမြို့မှာ ရေသိသိသာသာတက်လာတဲ့ သြဂုတ် ၁၈ရက်က လူ ၁ဦး ရေနစ်သေဆုံးပြီး ၁၉ရက်မှာ နောက်ထပ် ၁ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၂၇ ရက် ညကလည်း ငါးသိုင်းချောင်းမြို့ ရွာသစ်ကုန်းတံတားအနီးမှာ လှေတစ်စီးတိမ်းမှောက်ပြီးလှေပေါ်မှာပါတဲ့ အမျိုးသား ၂ဦးအနက် ၁ဦး သေဆုံးခဲ့ပါတယ်။
ရေဘေးကြောင့် သေဆုံးသူစာရင်းကို စစ်ကောင်စီက တရားဝင်ထုတ်ပြန်ခြင်းမရှိပါဘူး။
ငါးသိုင်းချောင်းမြို့မှာ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးရှိလာပြီး ဧရာဝတီတိုင်းရေဘေးအတွင်း သေဆုံးသူအများဆုံးဒေသဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ဒေသခံတွေဆီက ရရှိတဲ့ အချက်အလက်အရ ဧရာဝတီတိုင်း ရေဘေးကြောင့် ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတနဲ့ ငါးသိုင်းချောင်းမြို့နယ်အတွင်း ဒီကနေ့ စက်တင်ဘာ ၁ရက်အထိ ၁၅ဦးထက်မနည်းသေဆုံးထားပြီး ငါးဦးထက်မနည်း ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းအတွင်း ယခုရက်ပိုင်း မိုးကြီးနေပါတယ်။
အနောက်တောင်မုတ်သုံလေအားကောင်းနေတာနဲ့ လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် စက်တင်ဘာလဆန်းမှာ မိုးကြီးနိုင်တဲ့အတွက် ရေဘေးအန္တရာယ်ဆက်လက်သတိပြုဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊ အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က ထုတ်ပြန်ထားပါတယ်။

















































