ကဖေး/People’s Spring
မကြာသေးမီကရုရှားနိုင်ငံခရီးစဉ်မှာ သမ္မတပူတင်နဲ့ တွေ့ဆုံစဉ် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမြန်မာဟာရုရှားအတွက် အမြဲအဆင်သင့်ရှိနေတယ်လိုပြောခဲ့ပါတယ်။အဲ့ဒီစကားနောက်ကွယ်မှာအာဏာသိမ်းခေါင်းဆောင်ဟာ သူ့အာဏာလက်မလွှတ်ရရေးအတွက် မြန်မာနိုင်ငံရဲ့ သယံဇာတနဲ့ လူသားအရင်းအမြစ်အပါအဝင် အရာရာကို ရုရှားအလိုကျ ချနင်းနိုင်တယ်လို့ သတိပေးချက်တွေ ရှိလာပါတယ်။
မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ကျူးလွန်နေတဲ့ စစ်ရာစစ်ရာဇဝတ်မှုတွေအနက် မြန်မာနိုင်ငံတောင်ဘက်စွန်းဒေမှာ ပူတင်နဲ့ ရုရှားအစိုးရကို မျက်နှာလိုမျက်နှာရဖန်တီးနေတဲ့ လူသတ်ပွဲအကြောင်း Fortify Rightsက စုံစမ်း ဖော်ထုတ်လာပါတယ်။
Fortify Rightsဟာမြန်မာအပါအဝင်နိုင်ငံအချို့ကလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်ခြင်း၊အထောက်အထားရှာဖွေ မှတ်တမ်းတင် ပြုစုခြင်းနဲ့ တရားမျှတမှုရရှိရေးဆောင်ရွက်နေတဲ့အစိုးရမဟုတ်တဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်ပါတယ်

Public Service Announcement

ထားဝယ်အထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းဒေသမှာ ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို ဩဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖတ်ရှုရမှာပါ။
○မြန်မာပြည်မြေပုံတောင်ဘက်စွန်းက သွေးစွန်းတဲ့နေ့တွေ
ရုရှားအစိုးရကဆောင်ရွက်မယ့်ထားဝယ်အထူးစီးပွားရေးဇုန် (Dawei Special Economic Zone-SEZ) စီမံကိန်းအနီးတစ်ဝိုက်မှာ စစ်ကောင်စီကအကြီးစားစစ်ဆင်ရေးတွေလုပ်နေပြီး အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်နေလို့ ဒေသခံထောင်ပေါင်းများစွာ ထွက်ပြေးနေကြရတယ်လို့ Fortify Rightsက ထုတ်ပြန်ပါတယ်။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အဲ့ဒီစီမံကိန်းနယ်မြေတစ်ဝိုက်မှာ အရပ်သားတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊သတ်ဖြတ်ခြင်းနဲ့ ကျေးရွာတွေ၊ နေအိမ်တွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့Fortify Rights အဖွဲ့က သက်သေအထောက်အထားတွေနဲ့အတူစုံစမ်းဖော်ထုတ်လိုက်တာပါ။
၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေတဲ့ The Ants အဖွဲ့ဝင် သုံးဦးအပါအဝင် အနည်းဆုံး အရပ်သား ငါးဦး သတ်ဖြတ်ခံရပြီး ဒေသခံထောင်ပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။
The Ants (Humanitarian Aids Team-Tanintharyi ) အဖွဲ့က အဖွဲ့တာဝန်ခံ ကိုအယ်သာ၊ ဘဏ္ဍာရေးမှူး ကိုလီယွန်၊ စီမံကိန်း ညှိနှိုင်းရေးမှူး ကိုသားငယ်နဲ့ ဒေသခံအမျိုးသားတစ်ဦးကို စစ်အုပ်စုက ဇူလိုင်လ ၉ ရက်မှာ ဖမ်းဆီးသွားပြီး သတ်ဖြတ်တာလို့ ဖြစ်စဉ်ကို သိရှိသူတွေက ပြောပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ Fortify Rightsကလည်း သက်သေ၄ဦးကို တွေ့ဆုံမေးမြန်းပြီး စုံစမ်းဖော်ထုတ်အတည်ပြုထားပါတယ်။
The Antsအဖွဲ့ကိုဒေသခံလူငယ်တွေက ၂၀၂၄ ခုနှစ်အောက်တိုဘာလတွင် ဖွဲ့စည်းခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကို အရေးပေါ်ကူညီထောက်ပံ့ခြင်း၊ မြေမြှုပ်မိုင်းနဲ့ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်များအကြောင်း အသိပညာပေးခြင်းတွေ လုပ်ဆောင်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
“ကျွန်တော်ကိုယ်တိုင်အလောင်းတွေကို မြင်ခဲ့တာ။သူတို့လည်ပင်းတွေ လှီးခံထားရတယ်။ မျက်နှာတွေကလည်းရိုက်ခံထားရလို့ ကြေမွနေတာပဲ။သူတို့အမြဲဝတ်နေကျအဝတ်အစားတွေကိုကြည့်ပြီးတော့ပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့တာ” လို့ ကိုအယ်သာအပါအဝင်လေးဦးသတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး CDM ကျောင်းဆရာတစ်ဦးဖြစ်သူလီယိုက Fortify Rightsကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အရပ်သားတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီးလည်း ကိုလီယိုက “သူ့ကို တခြားရွာတစ်ရွာကနေ ဖမ်းလာပြီးPDFယူနီဖောင်းဝတ်ပေးထားတာ။သူက အနောက်ဆန်းချီရွာက ရွာသားပါ။ ခြံတစ်ခြံမှာ အလုပ်လုပ်တယ်။ သူ့ကို ကြိုးတုပ်ထားပြီး နားကို သေနတ်နဲ့ ပစ်သတ်ထားတာ” လို့ ထပ်မံပြောဆိုထားပါတယ်။
ဒီဖြစ်စဉ်မှာ The Ants အဖွဲ့ဝင် သုံးဦး ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်တယ်လို့ Fortify Rights က ဖော်ပြထားပါတယ်။ The Ants အဖွဲ့ဝင်တွေ ဖမ်းဆီးခံရချိန်က လက်ပ်တော့၊ ဖုန်းနဲ့ အလုပ်ဆိုင်ရာအချက်အလက်တွေ သိမ်းထားတဲ့ အီလက်ထရွန်နစ်ပစ္စည်းတွေလည်း စစ်တပ်လက်ထဲ ပါသွားလို့ နောက်ဆက်တွဲလုံခြုံရေးအခြေအနေကိုစိုးရိမ်နေရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေကပြောထားပါတယ်။

စစ်တပ်က ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးကိုလည်း Fortify Rightsက တွေ့ဆုံခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ အဘိုး၊ အဘွား၊မိခင်တို့နဲ့အတူ ဇူလိုင်လ ၁၃ ရက်နေ့မှာ ဖမ်းဆီးခံရတာဖြစ်ပါတယ်။သုံးရက်အကြာမှာ စစ်တပ်စစ်ကြောင်းက အနီးရှိ အခြားကျေးရွာကို ထွက်ခွာသွားချိန်ကျမှ ပြန်လည်လွတ်မြောက်လာခဲ့ကြတာလို့ Fortify Rightsက ဖော်ပြထားပါတယ်။
အဲ့ဒီဖြစ်ရပ်တွေအပြင်စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကုန်းသာယာအင်းကျေးရွာကဘုန်းကြီးကျောင်းက သံဃာတစ်ပါးကို စစ်တပ်က လူဝတ်လဲခိုင်းပြီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်ကိုFortify Rights က ဖော်ပြထားပါတယ်။ အဲဒီရွာမှာစစ်တပ်ဆက်လက်တပ်စွဲထားဆဲဖြစ်တဲ့အတွက် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို လက်ရှိအချိန်မှာ စစ်တပ်စစ်ကြောင်းတွေ ရှိနေသေးလို့ဒေသခံတွေဟာ နေအိမ်တွေမှာ ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်။ ဒါကြောင့် ပျောက်ဆုံးနေသူတွေရဲ့ ရုပ်အလောင်းကိုလည်း ရှာဖွေနိုင်ခြင်းမရှိသေးဘူးလို့ Fortify Rightsက အသိပေးထားပါတယ်။လက်ရှိအတည်ပြုနိုင်တဲ့ အရပ်သားသေဆုံးမှုထက် အမှန်တကယ် သေဆုံးသူအရေ အတွက် ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။
○အရပ်သားပစ်မှတ်တွေမဟုတ်ကြောင်းသက်သေထူခြင်း
ရေဖြူမြို့နယ်ရဲ့နေရာအချို့မှာတော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားနေပေမယ့်စစ်အုပ်စုစစ်ကြောင်းထိုးနေတဲ့ကာလမှကျေးရွာများအတွင်း တော်လှန်ရေးတပ်ဖွဲ့များ ရှိမနေခဲ့ကြောင်း Fortify Rights က တွေ့ဆုံမေးမြန်းခဲ့တဲ့ အသက်ရှင်လွတ်မြောက်လာသူများနှင့် မျက်မြင်သက်သေများက ပြောဆိုတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရတဲ့ နေရာတွေဟာစစ်ရေးပစ်မှတ်များရှိနေကြောင်း ပြသနိုင်တဲ့ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရှိခဲ့ဘူးလို့ Fortify Rights ကဖော်ပြထားပါတယ်။
လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်သည့်အဖွဲ့တွေဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေအရ အရပ်သားတွေနဲ့ တိုက်ပွဲဝင်တွေကို ခွဲခြားရမည်ဖြစ်သလို အရပ်သားပိုင်နေရာတွေနဲ့ စစ်ရေးပစ်မှတ်များကိုလည်း အချိန်တိုင်း ခွဲခြားရမယ်လို့ ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးသူတွေကို တမင်တကာ သတ်ဖြတ်ခြင်း သို့မဟုတ် အရပ်သားတွေနဲ့ နေအိမ်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းတွေက စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်းထောက်ပြထားပါတယ်။
စစ်တပ်ဟာထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ဧရိယာထဲမှာ စစ်ရေးပစ်မှတ်နဲ့အရပ်သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်းဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေကပြောပါတယ်။ကိုအယ်သာတို့သုံးဦးဟာ ထားဝယ်ဒေသအတွင်း ကြားကာလ ပညာရေး၊ စစ်ဘေးရှောင်အရေးနဲ့ ရပ်ရွာ အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေး ကိစ္စတွေမှာ တက်ကြွစွာ တစိုက်မတ်မတ်ဆောင်ရွက်နေကြတဲ့အလားအလာရှိသောလူငယ်ခေါင်းဆောင်တွေဖြစ်တယ်လို့ အရပ်ဖက်အရေးဆောင်ရွက်တဲ့ MAGGA Initiative(MI)က ထုတ်ပြန်ခဲ့ပါတယ်။
ရိုးသားနှိမ့်ချပြီးတော်လှန်ရေးတာဝန်တွေကို အသက်နဲ့ခန္ဓာကိုပေးဆပ်တဲ့အထိကျေပွန်စွာထမ်းဆောင်ခဲ့ကြတဲ့ လူငယ်တွေဖြစ်တဲ့အတွက်ယခုကဲ့သို့သတ်ဖြတ်ခံရမှုအပေါ် လွန်စွာ ယူကြုံးမရဖြစ်ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ဗဟိုကော်မတီနဲ့ ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကထုတ်ပြန်ခဲ့ကြပါတယ်။

○စစ်ဘုရင်နှစ်ဦးပေါင်းပြီးဖျက်ဆီးခြင်း
“ရုရှားနဲ့ မြန်မာစစ်အုပ်စုရဲ့စီးပွားရေးအကျိုးအမြတ်တွေအတွက် မြန်မာပြည်သူတွေ အသက်နဲ့ရင်းပြီး ပေးဆပ်နေရတာမျိုး မဖြစ်သင့်ဘူး” Fortify Rights ရဲ့ အကြီးတန်းလူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအထူးတာဝန်ခံ မချစ်ဆိုင်း သြဂုတ် ၃၁ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှ ပြောထားတာပါ။
အာဏာသိမ်းစစ်တပ်ဟာ နှစ်ပေါင်းများစွာ ကြိုးပမ်းနေပေမယ့် မအောင်မြင်တဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို ရုရှားရဲ့ အကူအညီနဲ့ အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပါတယ်။ရေနက်ဆိပ်ကမ်း၊စက်မှုဇုန်နဲ့ အခြားအကြီးစားစီမံကိန်းတွေပါဝင်တဲ့ အမေရိကန်ဒေါ်လာ ဘီလီယံနှင့်ချီတန်ဖိုးရှိတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ၂၀၀၈ ခုနှစ် မှာ မြန်မာနဲ့ထိုင်းနိုင်ငံအခြေစိုက် Italian-Thai Development (ITD) ကုမ္ပဏီ လက်မှတ်ရေးထိုးခဲ့ဝာာပါ။ ပြဿနာမျိုးစုံရှိနေတဲ့ ဒီစီမံကိန်းကနေ ITD က နောက်ဆုတ်သွားခဲ့လို့ နှစ်ပေါင်းများစွာအကောင်အထည်မဖော်နိုင်ခဲ့ပါဘူး။လက်ရှိမှာ စီမံကိန်းနယ်မြေ တချို့ကိုတော်လှန်ရေးအင်အားစုတွေကထိန်းချုပ်ထားနိုင်ပါတယ်။
ဒီစီမံကိန်းကိုပြန်စတင်ဖို့ အာဏာသိမ်းစစ်တပ်ကရုရှားနိုင်ငံနဲ့ ထပ်မံသဘောတူခဲ့တာပါ။၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ မြန်မာစစ်အုပ်စုနဲ့ ရုရှားကထားဝယ်အထူးစီးပွားရေးဇုန်မှာရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အဲ့ဒီနောက်စစ်ကြောင်းတွေကလေကြောင်းအားကိုးယူပြီးထားဝယ်ဒေသကိုဦးတည်ပါတယ်။
ဇွန်လ၂၄ရက်မှာ စစ်တပ်ဒုတပ်ချုပ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက တနင်္သာရီတိုင်း မြိတ်တပ်နယ်နဲ့ ကျွန်းစုမြို့ပ နယ်မြေခံတပ်ရင်းတွေဆီ ရောက်လာခဲ့ပြီး ထားရေနက်ဆိပ်ကမ်းစီမံကိန်း အပါအဝင် ရေး- ထားဝယ်- မြိတ်- ဘုတ်ပြင်း- ကော့သောင်းလမ်းတစ်လျှေက်က တော်လှန်ရေးအင်အားစုတွေကို ရှင်းလင်းမယ်လို့ထုတ်ပြောခဲ့ပါတယ်။စစ်ကြောင်းတွေထိုးပြီး အရပ်သားပစ်မှတ်တွေကိုပါ တိုက်ခိုက်ပါတယ်။
စစ်တပ်ဟာ ထားဝယ်အထူးစီးပွားရေးဇုန် (DSEZ)ဧရိယာထဲမှာစစ်ရေးပစ်မှတ်နဲ့အရပ်သားပစ်မှတ်ကိုခွဲခြားခြင်းမရှိဘဲ အကြမ်းဖက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ဒေသခံတွေက ပြောပါတယ်။အင်အား ၇၀၀ခန့်နဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှာရှိတဲ့ ဝက်ချောင်း၊ ခမောင်းချောင်း၊ ဧကနိရွာအပါအဝင် ကျေးရွာ ဆယ်ရွာထက်မနည်းကဒေသခံ ၅၀၀၀ နီးပါး စစ်ဘေးရှောင်နေကြရပါတယ်။
စစ်တပ်ဟာ ရုရှားကျောထောက် နောက်ခံပြုထားတဲ့ ဒီစီမံကိန်းဧရိယာမှာ အရပ်သားတွေအကြမ်းဖက်သတ်ဖြတ်ခံနေရတာ နိုင်ငံတကာအစိုးရတွေနဲ့ ကုမ္ပဏီတွေအနေနဲ့သိရှိထားဖို့လည်းFortify Rightsသတိပေးထားပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေကိုပြန်လည်သုံးသပ်ပြီး စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်မှု မဖြစ်စေရန် ချက်ချင်းဆောင်ရွက်သင့်တယ်လို့ တိုက်တွန်းထားပါတယ်။
၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့က ရုရှားနိုင်ငံခရီးစဉ်မှာ စစ်ခေါင်းဆောင် ပြောခဲ့တဲ့ မြန်မာဟာရုရှားအတွက် အမြဲအဆင်သင့်ရှိနေတယ်ဆိုတဲ့စကားရဲ့ အန္တရာယ်အတိမ်အနက်ကိုစောင့်ကြည့်နေဖို့ မြန်မာပြည်မြေပုံတောင်ဘက်စွန်းက ဧရာမစီမံကိန်းဧရိယာမှာရှိနေတဲ့ ဒေသံတွေက မျှော်လင့်နေကြပါတယ်။ ။
(စစ်ရာဇတ်ကောင် အာဏာရှင် နှစ်ဦး နဲ့ ရေးဖြူမြို့နယ်မှာ စစ်ဘေးရှောင်တွေကိုကူညီနေတဲ့ The Ants အဖွဲ့ခေါင်းဆောင် ၃ ဦးအပါအဝင်ဒေသခံတွေကဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့နေရာပြမြေပုံ၊စစ်တပ်မီးရှို့တဲ့ရွာတွေ၊ အသတ်ခံရသူတွေရဲ့နာရေးပြုလုပ်စဥ်)

















































