စက်တင်ဘာ – ၂ ၊၂၀၂၆
မြန်မာဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ မလေးရှား အစိုးရရဲ့ အစီအစဉ်နဲ့ ပတ်သက်ဆက်စပ်မှု လုံးဝမရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်ခဲ့ပါတယ်။
မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနက စက်တင်ဘာ ၂၉ ရက်နေ့ကျရင် ပထမအသုတ်အဖြစ် မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို နေရပ်ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းက မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟ်က အာဏာသိမ်း မြန်မာစစ်တပ်ဟာ မလေးရှားကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ကို ပြန်လည် လက်ခံဖို့ သဘောတူထားကြောင်း မှတ်ချက်ပေးထားဖူးပါတယ်။

Public Service Announcement
ပထမအသုတ် ပြန်ပို့မယ့်သူ ၁,၅၀၀ နီးပါးမှာ ရိုဟင်ဂျာဒုက္ခသည်အရေ အတွက် ဘယ်လောက် ပါဝင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။
မလေးရှားမှာ ရောက်ရှိခိုလှုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေ ပေါ်ပေါက်လာတဲ့နောက် မလေးရှားအစိုးရက ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ အားထုတ်လာတာ ဖြစ်ပါတယ်။
UNHCRကတော့ အဲဒီကိစ္စမှာ ပါဝင်ပတ်သက်မှု လုံးဝမရှိကြောင်း ငြင်းဆိုထားပြီး လက်ရှိ ပြည်တွင်းစစ် ဖြစ်ပွားပြီး နိုင်ငံရေး မတည်ငြိမ်တဲ့ မြန်မာဆီ ဒုက္ခသည်တွေကို ပြန်ပို့တာက သူတို့ရဲ့ လုံခြုံရေးအပေါ် ထိခိုက် ခြိမ်းခြောက်လာနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
အများက သဘောတူ လက်ခံထားတဲ့ နိုင်ငံတကာ စည်းမျဉ်း ဥပဒေတွေအရ သူတို့ရဲ့ မိခင်နိုင်ငံမှာ ရသင့်တဲ့ အခွင့်အရေးတွေနဲ့ လွတ်လပ်ခွင့်တွေ ဆုံးရှုံးနိုင်ခြေ ရှိနေဆဲဆိုရင် ဒုက္ခသည်တွေကို အတင်းပြန်ပို့တာမျိုး ဘယ်နိုင်ငံကမှ မလုပ်သင့်ကြောင်း UNHCRက ဆိုပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်တဲ့အခါ တစ်ဦးချင်းစီက သဘောတူပြီး ဆန္ဒအလျောက် ဖြစ်ဖို့၊ လုံလုံခြုံခြုံနဲ့ သိက္ခာရှိရှိ ပြန်ခွင့်ရဖို့လိုကြောင်းလည်း ကုလသမဂ္ဂရဲ့ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်ပါတယ်။
UNHCRရဲ့ အခုသီတင်းပတ် ထုတ်ပြန်ချက်အပေါ် တိုက်ရိုက် မှတ်ချက်ပေးတာမျိုး မဟုတ်ပေမယ့် အရင်က ပြောဖူးသလိုပဲ ဒုက္ခသည်တွေ နေရပ်ပြန်ကြမယ့် ကိစ္စဟာ သူတို့ရဲ့ ကိုယ်ပိုင် သဘောဆန္ဒအလျောက် ဖြစ်တယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောကြားသွားပါတယ်။
ဖေဖော်ဝါရီလထိ UNHCRက ကောက်ယူထားတဲ့ စာရင်းတွေအရ မလေးရှားမှာ မြန်မာနိုင်ငံကနေ ရောက်လာတဲ့ ဒုက္ခသည် ၁၉၃,၈၀၀ ဝန်းကျင် ရှိနေပြီး ရိုဟင်ဂျာဒုက္ခသည်တွေအပြင် ချင်းနဲ့ တခြားတိုင်းရင်းသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
ဒုက္ခသည်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒုက္ခသည်အဖြစ် တရားဝင် မှတ်ပုံတင်ခွင့် ရမထားသူတွေ အများကြီး ရှိနေသေးကြောင်း ထောက်ပြထားကြပါတယ်။
ကိုးကား – Reuters


















































