စက်တင်ဘာ ၄၊၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့ပေါ်နဲ့ တောင်သာမြို့နယ်တွေမှာ အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းခေါ်ဆောင်ဖို့ လူငယ်တွေကို အဓမ္မပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က နေ့ခင်းဘက်မှာတင် လူငယ်တွေကို စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးပေါ်တာဆွဲနေလို့ လူငယ်အများအပြား နေ့စဥ် ဖမ်းဆီးခံနေရကြောင်း ဒေသခံအချို့က ပြောပါတယ်။
“ပက်ကားတွေနဲ့ဆွဲနေတာမြို့ထဲကို။ ဘယ်မှကိုမသွားရဲဘူး”လို့ ကျောက်ပန်းတောင်းမြို့ခံ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဒါ့အပြင် ခရီးသွားယာဥ်တွေ၊ ကုန်တင်ယာဥ်တွေပေါ်က လူငယ်တွေ၊ ယာဥ်မောင်းသူနဲ့ ယာဥ်နောက်လိုက်တွေပါမကျန် ဖမ်းဆီးနေတာကြောင့် ယာဥ်အချို့ ရပ်တန့်ထားရတဲ့အထိ ဆိုးရွားနေကြောင်း မြို့ခံအချို့က ပြောပါတယ်။
အလားတူ တောင်သာမြို့နယ်အတွင်းရှိတဲ့ မြင်းခြံ-ညောင်ဥိးလမ်းပိုင်းက တမိုက်သာရွာ၊ ကျောဇိရွာ၊ မာလာရွာကျောက်ခွဲစက်အနိးရှိ စစ်ကောင်စီတပ်ဂိတ်တွေကလည်း အသက်၁၈နှစ်မှ၃၅နှစ်ကြား လူငယ်တွေပါလာရင် စစ်မူထမ်းဖို့ ကားပေါ်ကနေဆွဲချကာ ပေါ်တာဆွဲနေကြောင်း ဖြတ်သန်းသွားလာခဲ့သူအချို့က ပြောပါတယ်။ ဒါ့အပြင် အသက်၃၅နှစ်ကျော်ရင်လည်း စစ်မူထမ်းကြေး ကောက်ခံနေလို့ ခရီးသွားပြည်သူတွေ သတိပြုသွားလာကြဖို့ ဒေသခံတွေက အကြံပြုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ယခုလအတွင်း စတင်မယ့် စစ်မှုထမ်းအပတ်စဥ် (၂၈)အတွက် မန္တလေးမြို့ပေါ်မှာပါ စစ်မှုထမ်းမဲနှိုက်တာ၊ အဓမ္မဖမ်းဆီးတာတွေပါ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် မန္တလေးတိုင်းထဲက ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တွေမှာပါ လဆန်းရက်နဲ့ လကုန်ရက်တွေတိုင်း ပေါ်တာဆွဲဖမ်းဆီးနေပါတယ်။

















































