အောက်တိုဘာ-၁၉၊ ၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ကချင် လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
အောက်တိုဘာ ဒုတိယပတ်က ဗန်းမော်မြို့ (၃)မိုင်ကျေးရွာက ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းနဲ့ ပြည်သူ့နေအိမ်တွေ မီးရှို့ခဲ့တဲ့ စစ်တပ်ကို အထိနာအောင် KIAက တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။
“မိမိဘက်က လက်နက်ကြီးနဲ့တန်ပြန် တိုက်ခိုက်လို့ အထိနာတာပါ။ ခြေလျင်နည်းနည်းထိုးလိုက် လက်နက်ကြီးနဲ့ တိုက်လိုက်ပေါ့” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က လတ်တလော ဗန်းမော်ဒေသ တိုက်ပွဲ အခြေအနေကို ပြောပါတယ်။

Public Service Announcement
KIA ပူးပေါင်းတပ်ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းကတည်းက ဗန်းမော်မြို့ သိမ်းနိုင်ရေး ထိုးစစ်ဆင်ခဲ့ရာ တိုက်ပွဲ နှစ်နှစ်နီးပါး ကြာနေပြီဖြစ်ပါတယ်။ တပ်စခန်းနေရာတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်တပ်ဟာ စက်တင်ဘာလအတွင်းက ဗန်းမော်ကို ရေကြောင်းကနေ စစ်အင်အားအချို့ ဖြည့်တင်းနိုင်ခဲ့ပြီးနောက် ဆုံးရှုံးထားတဲ့ နေရာတွေ ပြန်ရဖို့ ထိုးစစ်ဆင်တာတွေ ပြုလုပ်လာလို့ တိုက်ပွဲတွေ နေ့တိုင်းလိုလို ဖြစ်ပွားနေတာပါ။
KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် အင်းတော်ကြီးဒေသ၊ ရှမ်းမြောက် မိုးမိတ်ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ ကချင်ဒေသကို စစ်အင်အား လက်နက်ခဲယမ်းတွေ ဖြည့်တင်းနေတာကြောင့် ဒေသအချို့မှာ စစ်ရေးတင်းမာကာ အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ KIAက အသိပေးထားပါတယ်။


















































