အောက်တိုဘာ-၁၉၊ ၂၀၂၆။ People’s Spring
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်(SEANF)ဟာ အာဏာသိမ်းစစ်တပ် လက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်(MNHRC)ကို ဖိုရမ်ရဲ့အဖွဲ့ဝင်အဖြစ်ကနေ ရပ်စဲလိုက်တယ်လို့ မလေးရှားလူ့အခွင့်အရေးကော်မရှင်က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို SEANF ရဲ့ အဖွဲ့ဝင်အဖြစ် ဆက်လက်တည်ရှိခွင့်ကို ပယ်ဖျက်ဖို့ အောက်တိုဘာ ၁ရက် ဆုံးဖြတ်အတည်ပြုခဲ့ပြီး အဲဒီဆုံးဖြတ်ချက်ကို မလေးရှားအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ တီမောလက်စ်တေ စတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဥက္ကဋ္ဌ ၅ ဦးက တူညီဆန္ဒ(Consensus)နဲ့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
အဲဒီဆုံးဖြတ်ချက်ကြောင့် စစ်တပ်လက်အောက်ခံ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ လာမယ့် ၂၀၂၇ ခုနှစ် အလှည့်ကျ ဖိုရမ်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခွင့် မရှိတော့တဲ့အပြင် အောက်တိုဘာ ၁ ရက်ကစလို့ ၂၀၂၆ ခုနှစ်အတွက် ၂၃ ကြိမ်မြောက် SEANF နှစ်ပတ်လည်ညီလာခံ ဒါမှမဟုတ် အခြား အစည်းအဝေးတွေမှာ ဆက်လက်ပါဝင်ခွင့်မရှိတော့ဘူးလို့ ဆိုပါတယ်။

Public Service Announcement
အခု ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေနဲ့ SEANF အဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်နိုင်တဲ့ အရည်အချင်း ပြည့်မီမှု ရှိ၊ မရှိ ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်မှာ စတင်ခဲ့တဲ့ တရားဝင် ပြန်လည်သုံးသပ်စိစစ်မှုအပြီး ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးရေးကော်မရှင်(MNHRC)ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ကျူးလွန်ခံရသူတွေကို အကာအကွယ်ပေးဖို့ ဒါမဟုတ် စစ်အုပ်စုရဲ့ နေရာအနှံ့အပြား စနစ်တကျကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာအောင် ဆောင်ရွက်နိုင်စွမ်းရှိတဲ့ လွတ်လပ်အမှီအခိုကင်းသော အင်စတီကျူးရှင်း တစ်ခုအဖြစ် လုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့တယ်လို့ လွတ်လပ်သောနိုင်ငံအဆင့်လူ့အခွင့်အရေးဌာနဆိုင်ရာ အရပ်ဘက်လူထုအဖွဲ့အစည်းများအလုပ်အဖွဲ့(မြန်မာ)က ထောက်ပြပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လုပ်ဆောင်မှုများကို စစ်ဆေးကြပ်မတ်ရမယ့်အစား ဆိုးရွားပြင်းထန်တဲ့ ချိုးဖောက်မှုများအတွက် တာဝန်ယူမှုတာဝန်ခံမှုရှိလာအောင် ဆောင်ရွက်ရမယ့်အစား MNHRC ဟာ ဘယ်လိုအရာမှ ဆောင်ရွက်ခဲ့မှု မရှိခဲ့ဘဲ ပျက်ကွက်ခဲ့မှုကြောင့် စစ်အုပ်စုဟာ စစ်ဆေးကြပ်မတ်ခြင်း မခံရစေခဲ့ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်(MNHRC)ဟာ နိုင်ငံတဝန်း အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများအပါအဝင် လူမဆန်စွာ သတ်ဖြတ်နေမှုများ၊ လူနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများကို မှတ်တမ်းတင်ဖော်ပြခြင်း၊ ပြစ်တင်ရှုတ်ချထုတ်ပြန်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း မရှိတာ တွေ့ရပါတယ်။
ဒါကြောင့်လည်း MNHRC ကို နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများဆိုင်ရာ အာရှ-ပစိဖိတ်ဖိုရမ်(APF)က ၂၀၂၅ ခုနှစ် မေလမှာ အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ခဲ့သလို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများမဟာမိတ်အဖွဲ့ရဲ့ အရည်အသွေးသတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA)ကလည်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှာ MNHRC ရဲ့ အဆင့်သတ်မှတ်ချက်နဲ့ အဖွဲ့ဝင်ဖြစ်မှုကို ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ၂၀၂၅ ဖေဖော်ဝါရီက MNHRC ဟာ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဘက် ရပ်တည်ထုတ်ဖော်တာ မရှိဘဲ အာဏာသိမ်းစစ်တပ်ရဲ့ ရာဇဝတ်မှုကျူးလွန်တာတွေကို ရေငုံနှုတ်ဆိတ်နေတယ်လို့ ထုတ်ပြန်ကာ MNHRC ကို အသိအမှတ်ပြုကြောင်းနဲ့ ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။


















































