အောက်တိုဘာ-၁၉၊ ၂၀၂၆။ ရွှေပြည်စိုး/People’s Spring
မိတ္ထီလာ၊ တံတားဦး၊ ညောင်ဦးနဲ့ မကွေးလေတပ်ကနေ စစ်တပ်ရဲ့ တိုက်ခိုက်ရေးလေယာဉ်တွေ ဒီနေ့ နေ့လယ်ပိုင်းမှာ တောက်လျှောက်တက်နေပြီး ရခိုင်ပြည်နယ်ဘက်ကို ဦးတည်ပျံသန်းနေလို့ အရပ်သားတွေ သတိပြုကြဖို့ သက်ဆိုင်ရာ မြို့နယ်အသီးသီးမှာရှိတဲ့ ဒေသခံတွေက သတိပေးကြပါတယ်။
“အရင်နဲ့ မတူဘူး။ ဒီနေ့ အရမ်းများတယ်။ ရခိုင်ဘက်ကို တည်ပြီး ပျံနေတာ။ တစ်စီးပြီး တစ်စီးပဲ”လို့ မန္တလေးမြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်အဓိကအခြေစိုက်တဲ့ မိတ္ထီလာမြို့က ဒေသခံတစ်ဦးကလည်း “ရဟတ်ယာဉ်တွေရော၊ ဂျက်ဖိုက်တာတွေပါ ရှမ်းတဲလေတပ်က တက်နေတာ။ ကျတော်တို့ ကြားရသလောက် ရခိုင်ပြည်နယ်ဘက်ကို သွားတာပါ။ နီးစပ်ရာကိုတော့ သတိပေးနေတယ်”လို့ ပြောပါတယ်။

Public Service Announcement
စစ်တပ်ဟာ ရခိုင်ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေကြောင်းသိရှိထားပြီး ဒီနေ့လို လေကြောင်းပျံသန်းမှုတွေကြောင့် စိတ်ပူတယ်လို့ မန္တလေးနဲ့ မိတ္ထီလာဒေသခံတွေက ဆိုပါတယ်။
စစ်တပ်ရဲ့ လေကြောင်းအန္တရာယ်စောင့်ကြည့်ရေးလူမှုကွန်ရက်စာမျက်နှာတွေမှာတော့ ဒီနေ့မနက်ပိုင်းကနေ နေ့လယ်အထိ မိတ္ထိလာ(ရှမ်းတဲလေတပ်)၊ တံတားဦး၊ ညောင်ဦးလေဆိပ်နဲ့ မကွေးလေတပ်ကနေ စစ်ကောင်စီ ထောက်ပို့လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ တိုက်ခိုက်ရေးလေယာဉ်တွေဟာ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက်ကို ပျံသန်းနေကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ရခိုင်ပြည်နယ် စစ်တွေမြို့အနီးပတ်ဝန်းကျင်နဲ့ မြို့အရှေ့ဘက်က ငပြီကျွန်းမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ အောက်တိုဘာ ၁၈ရက် မနေ့က ငပြီကျွန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးအလုံးရေ ၁၀၀ကျော် ကြဲချခဲ့သလို ပလက်ဝမြို့နယ်ထဲကိုလည်း ဗုံးကြဲခဲ့ပါတယ်။ ပလက်ဝမြို့နယ်ထဲကို ဗုံးကြဲတဲ့ဖြစ်စဉ်မှာ ကလေးငယ်အချို့အပါအဝင် အရပ်သား ၂၀ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သေဆုံးတာအရမ်းများတယ်။ ကျနော်တို့ရွာကတင် ခြောက်ဦးပါသွားတယ်”လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့စက်တင်ဘာ၂၈ရက်ကလည်း ကျောက်တော်မြို့ထဲက အိန္ဒိယဈေးနဲ့ ကစ္ဆပနဒီတံတားဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့ဖြစ်စဉ်မှာ အပြစ်မဲ့အရပ်သား ပြည်သူ ၅၀ ဦး သေဆုံးပြီး ၅၇ဦးဒဏ်ရာရခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း ရခိုင်ပြည်နယ်က မြို့တွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဗုံးကြဲခဲ့ပါတယ်။ ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ် အထူးသတိပြုကြဖို့ AAက မကြာခဏသတိပေးနေသလို လေကြောင်းရန်ကာကွယ်ရေးအတွက် နိုင်ငံအနှံ့က အရပ်သားပြည်သူအချင်းချင်းလည်း နည်းမျိုးစုံသတိပေးနေကြပါတယ်။
“ကျတော်တို့ လုပ်နိုင်တာ လုပ်တာပါ။ လေကြောင်းအန္တရာယ်ကို ကျွန်တော်တို့ကောင်းကောင်းသိတယ်။ ဒါကြောင့် ရတဲ့နည်းနဲ့သတိပေးတာပါ”လို့ မန္တလေးမြို့မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။


















































