စက်တင်ဘာ ၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က တပ်ကြပ် ၁ဦး သေဆုံးကာ MA-1 သေနတ် သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
စက်တင်ဘာ ၂ ရက် မနက် ၁၁ နာရီ ၄၅ မိနစ်ခန့်က ဒီပဲယင်းမြို့ပေါ်ကနေ ရိက္ခာရှာ ထွက်လာတဲ့ အင်အား ၂၀ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တိုက်နယ် (၁)၊ တိုက်နယ် (၂) တို့ ထိပ်တိုက်တွေ့ကာ ၁၅ မိနစ်ခန့် အပြန်အလှန် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်တပ်က တပ်ကြပ်အဆင့်ရှိသူတစ်ဦး သေဆုံးပြီး နောက်ထပ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Public Service Announcement
အဲဒီနောက် ဒီကနေ့ စက်တင်ဘာ ၅ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာသို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက် နယ်မြေရှင်းလင်းရာ သေဆုံးသွားတဲ့ တပ်ကြပ်ရဲ့ ရုပ်အလောင်းအပြင် MA-1 သေနတ် တစ်လက်ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း အဖြူရောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။
“တပ်ကြပ်အလောင်းကို သယ်မသွားကြဘူး။ ဒီကောင်တွေကပစ်တော့ပြေးတာပေါ့။ သူတို့ကောင်သေလို့သေမှန်းတောင်မသိကြဘူး။ နောက်တစ်ကောင်ကလည်းခုသတင်းရတာတော့ သေတယ်လို့ သတင်းရတယ်”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
လက်ရှိ ဒီပဲယင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုမရှိဘဲ ငြိမ်သက်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီပဲယင်းမြို့နယ်ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေအပြင် ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းကလည်း ရေကြီးရေလျှံတဲ့ဘေးပါ ခံခဲ့ရပြီး သီးနှံတွေပါ ရေမြုပ်ပျက်စီးခဲ့ပါသေးတယ်။

















































