စက်တင်ဘာ-၇၊၂၀၂၆။People’s Spring
မူးယစ်ဆေးဝါးတွေမှောင်ခိုတင်သွင်းမှုကို တားဆီးဖို့အတွက်မြန်မာနဲ့ နယ်စပ်ကို လုံးဝ ပိတ်ပစ်ဖို့ စီစဉ်နေကြောင်း အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးကပြောတယ်လို့ Times of India သတင်းဌာနကဖော်ပြပါတယ်။
ပြည်ထဲရေးဝန်ကြီးအမစ်ရှားက အိန္ဒိယ အစိုးရဟာ နိုင်ငံကို လာမယ့် ၃ နှစ်အတွင်း မူးယစ်ကင်းစင်တဲ့အဆင့် ရောက်ရှိဖို့ ရည်ရွယ်ထားပြီးအဲဒီအစီအမံရဲ့အစိတ်အပိုင်းအဖြစ် မြန်မာနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေနဲ့ ထိစပ်ရာအိန္ဒိယနယ်စပ်ကို ပိတ်ပစ်ဖို့ ရည်ရွယ်ထားကြောင်း စက်တင်ဘာ ၆ ရက်နေ့မှာ မှတ်ချက်ပေးသွားပါတယ်။
အိန္ဒိယရင်ဆိုင်နေရတဲ့ပြဿနာကမူးယစ်ဆေးဝါးထုတ်လုပ်မှုတစ်ခုတည်းမဟုတ်ဘဲ အဓိကထုတ်လုပ်တဲ့နိုင်ငံနှစ်ခုနဲ့ နယ်စပ်တွေ ထိကပ်နေတာဖြစ်ကြောင်း၊ အဲဒီတော့ မူးယစ်မှောင်ခို လုပ်ငန်းတွေဟာအိန္ဒိယပိုင်နက်ကိုကူးလူးသွားလာတာတွေရှိလာကြောင်း၊မြန်မာနဲ့ နယ်စပ်ကတော့ ပွင့်နေဆဲဖြစ်ပြီး အိန္ဒိယ အစိုးရကပိတ်ထားဖို့ကြိုးစားတဲ့တိုင် ရှုပ်ထွေးတဲ့ အခြေအနေတွေ၊ အကြောင်းရင်းတွေ ရှိနေကြောင်းရှားကဆိုပါတယ်။

Public Service Announcement
အိန္ဒိယဟာ၂၀၂၆ ဇူလိုင်ကနေ ၂၀၂၉ ဇူလိုင်ထိကာလအတွင်းမူးယစ်ကင်းစင်နိုင်ငံအဖြစ် ပြောင်းလဲသွားမယ့်စီမံကိန်းကိုစတင်အကောင်အထည် ဖော်နေတယ်လို့လည်း ရှားက ဆက်ပြောပါတယ်။မူးယစ်ဆေးဝါးတစ်ဂရမ်တောင်မှအိန္ဒိယကိုအဝင်မခံချင်သလို အိန္ဒိယရဲ့ လမ်းကြောင်းတွေကို သုံးပြီး တစ်ဂရမ်တောင်မှသယ်ယူပို့ဆောင်သွားတာမျိုး အဖြစ်မခံချင်ဘူးလို့လည်း ရှားကဆိုပါတယ်။
မြန်မာ-လာအို-ထိုင်းဖက်ကလမ်းကြောင်းရော၊အာဖဂန်နစ္စတန်-အီရန်-ပါကစ္စတန်ဖက် လမ်းကြောင်းကပါ မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားမယ့်မဟာဗျူဟာ အစီအစဉ်တွေ အစိုးရက ရေးဆွဲ အကောင်အထည် ဖော်နေတယ်လို့လည်း ရှားက မှတ်ချက်ပေးသွားပါတယ်။
မြန်မာနဲ့ အိန္ဒိယနယ်စပ်ရဲ့တချို့အပိုင်းတွေမှာ နယ်စပ်စည်းရိုးတွေမရှိဘဲအလွယ်တကူ ဖြတ်သန်းဝင်ရောက်လို့ ရနေတာက အိန္ဒိယ အစိုးရရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအမံတွေမှာစိန်ခေါ်မှုတွေ ကြုံစေတယ်လို့တော့သူက ဝန်ခံသွားပါတယ်။
နယ်စပ်ကိုထိထိရောက်ရောက်ပိတ်ထားဖို့ ဆိုတာဟာအစိုးရရဲ့မူးယစ်တိုက်ဖျက်ရေးနဲ့ အမျိုးသားလုံခြုံရေး အစီအမံတွေ တင်းကျပ်မှုမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့လည်းဝန်ကြီးကပြောကြားသွားပါတယ်။
ကိုးကား- Times of India


















































