Connect with us

Hi, what are you looking for?

သတင်း

မြန်မာဖက်ခြမ်း နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေအတွက် ဓာတ်အား ထောက်ပံ့မထားကြောင်း ထိုင်းငြင်းဆို

ကျားဖြန့် အပါအဝင် နယ်စပ် အခြေစိုက် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို ချိုးနှိမ်တဲ့ အစီအမံ တစ်ရပ်အနေနဲ့ မြန်မာဖက်ခြမ်း နယ်စပ်မြို့တွေကို ဓာတ်အား ဖြန့်ဝေမှု ဆက်လက် ပိတ်ပင်ထားဆဲလို့ ထိုင်းဖက်က အတည်ပြုခဲ့ပါတယ်။

ဓါတ်ပုံ- The Nation

ကျားဖြန့် အပါအဝင် နယ်စပ် အခြေစိုက် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို ချိုးနှိမ်တဲ့ အစီအမံ တစ်ရပ်အနေနဲ့ မြန်မာဖက်ခြမ်း နယ်စပ်မြို့တွေကို ဓာတ်အား ဖြန့်ဝေမှု ဆက်လက် ပိတ်ပင်ထားဆဲလို့ ထိုင်းဖက်က အတည်ပြုခဲ့ပါတယ်။

တက်ခ်ပြည်နယ်ရဲ့ မဲရမတ်နဲ့ မဲဆောက် တစ်ဖက်ခြမ်းမှာရှိတဲ့ မြန်မာပိုင်နက်ထဲက မြို့တွေကို ပြီးခဲ့တဲ့နှစ် ဇွန်လကတည်းက ဓာတ်အား ဖြတ်တောက်ထားပြီး လက်ရှိ အချိန်ထိလည်း ဓာတ်အား ပြန်လည် ပို့လွှတ်ခြင်း မရှိသေးဘူးလို့ ကာကွယ်ရေး ဝန်ကြီး ဖုမ်သမ် ဝီချာရာချိုင်က ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မြန်မာ စစ်ကောင်စီ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ Global New Light of Myanmar သတင်းစာက ထိုင်းနဲ့ ထိစပ်ရာ ကရင်ပြည်နယ်ထဲက မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနဲ့ ကေကေပက်ခ်တို့မှာ တရားမဝင် အွန်လိုင်း လောင်းကစားမှုတွေနဲ့ ရာဇဝတ် လုပ်ငန်းတွေ လည်ပတ်နေတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြခဲ့ရာမှာ အဲဒီ လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ လိုအပ်တဲ့ လျှပ်စစ်မီးနဲ့ အင်တာနက် ကွန်ရက် ချိတ်ဆက်မှုတွေကို မြန်မာဖက်က ထောက်ပံ့ထားတာ မဟုတ်ဘဲ အိမ်နီးချင်း နိုင်ငံတွေက ကူညီပေးနေတာလို့ ရေးသားထားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ထိုင်းကာကွယ်ရေး ဝန်ကြီးက မြန်မာဖက်ခြမ်းက နယ်စပ်မြို့တွေကို ဓာတ်အား ဖြတ်တောက်ထားတာ မနှစ်ကတည်းက ဖြစ်ပြီး အခုထိလည်း ဓာတ်အား ပြန်မပို့လွှတ်သေးဘူးလို့ တုံ့ပြန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

Global New Light of Myanmarရဲ့ ဆောင်းပါးထဲမှာတော့ လဆန်းပိုင်းတုန်းက ထိုင်း-မြန်မာ နယ်စပ်မှာ တရုတ် သရုပ်ဆောင် ဝမ်ကျင်ဟာ လူမှောင်ခို ဂိုဏ်းတွေရဲ့ ပြန်ပေးဆွဲမှု ခံခဲ့ရတဲ့ အကြောင်းကိုပါ ထည့်သွင်း ဖော်ပြခဲ့ပါတယ်။

ဖုမ်သမ်က ထိုင်းဟာ မြန်မာနဲ့ နယ်စပ်မှာ ဧရိယာ ၄ ခုကိုပဲ လောလောဆယ် ဓာတ်အား ထောက်ပံ့ပေးထားတယ်လို့ ပြောကြားခဲ့ပြီး အဲဒါတွေက အမှတ် ၂ ချစ်ကြည်ရေး နယ်စပ်တံတား၊ မြဝတီ ကွပ်ကဲရေး၊ ပြီးတော့ ထိုင်းဖက်ခြမ်းမှာရှိတဲ့ မဲဆောက်နဲ့ မဲရမတ် ခရိုင်တွေ ဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။

ကေကေပက်ခ်နဲ့ ရွှေကုက္ကိုတို့လို နေရာတွေဆီ ဓာတ်အား ဖြန့်ဖြူးပေးမှုကိုတော့ အွန်လိုင်း ရာဇဝတ်မှုတွေကို ချိုးနှိမ်တိုက်ဖျက်ဖို့ ရည်ရွယ်ချက်နဲ့ ၂၀၂၄ ခုနှစ် ဇွန်လ ၅ ရက်နေ့ ကတည်းက ရပ်ဆိုင်းထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံနဲ့ နယ်စပ်နားကို အင်တာနက် ဖြတ်တောက်မယ့် ကိစ္စအတွက်လည်း ဝန်ဆောင်မှု ကုမ္ပဏီတွေနဲ့ ညှိနှိုင်း စီစဉ်နေပြီး မကြာခင် အကောင်အထည် ဖော်သွားမယ်လို့ ဖုမ်သမ်က ပြောကြားသွားပါတယ်။

ကျားဖြန့်နဲ့ နယ်စပ် အခြေစိုက် ဒုစရိုက်ဂိုဏ်းတွေကို ထိထိရောက်ရောက် ဖြိုခွင်းဖို့အတွက် ထိုင်း-မြန်မာ-တရုတ် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း ဝန်ကြီးက သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ရွှေကုက္ကိုမှာ သွားရောက် အလုပ်လုပ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ကန့်သတ်ဖို့ တင်းကျပ်တဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒတွေ လိုအပ်ကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။

ဖုမ်သမ်က ပြည်နယ် ဓာတ်အား စီမံခန့်ခွဲရေး အာဏာပိုင်တွေ၊ အမျိုးသား လုံခြုံရေး ကောင်စီနဲ့ ပြည်ထဲရေး ဝန်ကြီးဌာနလို သက်ဆိုင်ရာ ထိုင်းအဖွဲ့အစည်းတွေလည်း အခုကိစ္စအပေါ် အလေးထား ကိုင်တွယ်ကြဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

ကိုးကား- The Nation

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကလေးသူငယ် လိင်အမြတ်ထုတ်မှုနဲ့ ဆက်စပ်တဲ့ စွပ်စွဲချက်တွေအတွက် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိကြောင်း Red Notice ထုတ်ပြန်ထားတဲ့ တောင်ကိုရီးယား အမျိုးသား တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့မှာ ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်ဟာ နိုင်ငံရေးကနေ အနားယူပြီး အေးအေးချမ်းချမ်း နေထိုင်သွားဖို့ ဆန္ဒရှိနေကြောင်း သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

သတင်း

လုပ်သား​တွေအ​ပေါ်အမြတ်ထုတ်​နေတဲ့ပွဲစားတွေကိုဖမ်းဆီးအ​ရေးယူ​ပေးဖို့​တောင်းဆို

နိုင်ငံတကာ

ဘုရင့်မိဖုရားကြီးက လေတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို တစ်ကိုယ်တော် မောင်းနှင် ပျံသန်းပြခဲ့တဲ့ ကိစ္စဟာ ထိုင်းပြည်သူတွေကြားမှာ လူပြောအများဆုံး သတင်းတစ်ပုဒ် ဖြစ်လာပါတယ်။