စက်တင်ဘာ-၇၊၂၀၂၆။တေဇ/People’s Spring
Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။
“Proof of lifeကအစပဲဖြစ်ပါတယ်။ အခုတော့အမေ့ရဲ့လွတ်လပ်မှုအတွက် ကျနော်တောင်းဆိုရပါမယ်။ အမေရဲ့အခြေခံအခွင့်အရေးတွေ၊ မိသားစုနဲ့ဆက်သွယ်တွေ့ဆုံခွင့်နဲ့ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက်တောင်းဆိုမယ့် FREE HER လှုပ်ရှားမှုကိုစတင်နေပါတယ်။ဒီနောက်တစ်ဆင့်မှာလည်း ကျွန်တော်နဲ့အတူ ဆက်လက်ရပ်တည်ပြီး ခင်ဗျားတို့ရဲ့ အသံကို ထပ်မံပါဝင်ပေးကြဖို့ မျှော်လင့်ပါတယ် “လို့ ကင်မ်က ဒီနေ့(စက်တင်ဘာ၇)မှာ All in One Movement ရဲ့ ပေ့ခ်ျကနေ ထုတ်ပြန်ထားတာပါ။
ကင်မ်က မိခင်ဖြစ်သူ သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ Proof Of Life ကမ်ပိန်းကိုပြုလုပ် တောင်းဆို ခဲ့ပြီး ပြည်တွင်းပြည်ပက ပြည်သူတွေ တစ်ခဲနက် ပါဝင်တောင်းဆိုပေးခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်းမှာ ICRC နဲ့ ပထမဆုံးအကြိမ် တွေ့ ဆုံခွင့်ပေးခဲ့ပါတယ်။

Public Service Announcement
Proof Of Life ကမ်ပိန်းမှာပါဝင်ပြီး အသံထွက်ပေးခဲ့ကြသူတွေကို ဘယ်တော့မှ မမေ့ဘူးလို့ ကင်မ်ကပြောပါတယ်။
“မကြာသေးခင်က ICRC နဲ့တွေ့ဆုံခွင့်ရခဲ့တာက စိတ်သက်သာရာအနည်းငယ် ရခဲ့ပေမယ့် မေမေက လွတ်လပ်မှုမရသေးပါဘူး။ မေမေက အခုအသက် ၈၁ နှစ်ရှိပြီဖြစ်ပြီး ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးသလို ကျွန်တော်လည်း အမေနဲ့တွေ့ခွင့် ၊ စကားပြောခွင့် မရသေးပါဘူး” လို့ ကင်မ်ကရင်ဖွင့်ထားပါတယ်။
ဒါကြောင့် Free Her ကမ်ပိန်းကို စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ်ပိန်းမှာပါဝင်နိုင်မယ့် အချက်အလက်တွေကိုတော့ သီးသန့် ထုတ်ပြန်ထားတာမရှိသေးပါဘူး။
လူထုခေါင်းဆောင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက စစ်တပ်ရဲ့ မတရားဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အကျဉ်းကျခံနေရတာ ၂၀၄၅ ရက်ရှိပြီဖြစ်ပါတယ်။


















































