အောက်တိုဘာ-၂၂၊၂၀၂၆။People’s Spring
သူ့ရဲ့မိခင်ဆီ စာအုပ်လက်ဆောင် ပေးခဲ့တဲ့ ဗြိတိန်ဘုရင် ချားလ်စ်ရဲ့ လုပ်ရပ်ဟာအာဏာသိမ်းစစ်တပ်ကို အစိုးရအဖြစ် သွယ်ဝိုက် အသိအမှတ်ပြုသလို ဖြစ်သွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဝေဖန် ထောက်ပြသွားခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ မတရားအာဏာသိမ်းမှုအပြီးကတည်းက စစ်တပ်ရဲ့ ဖမ်းဆီးအကျဉ်းချမှုကို ခံထားရသူ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချားလ်စ်ဘုရင်က စိုက်ပျိုးရေးဆိုင်ရာစာအုပ်နှစ်အုပ် လက်ဆောင် ပေးပို့ခဲ့ကြောင်း အခုသီတင်းပတ်မှာ အာဏာသိမ်း စစ်တပ်က သတင်းထုတ်ပြန်ပါတယ်။လူမြင်ကွင်းကနေ ကာလရှည်ကြာ ပျောက်ဆုံးနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီစာအုပ်တွေကို လက်ခံယူနေတဲ့ ဓာတ်ပုံကိုလည်းစစ်တပ်ကရှားရှားပါးပါးထုတ်ပြန် ပြသခဲ့ပါတယ်။
ချားလ်စ်ဘုရင် ပေးပို့လိုက်တဲ့ လက်ဆောင်ထုပ်ထဲမှာ အလုံပိတ် သံတမန်ပို့ စာအိတ်တစ်အိတ်လည်း ပါဝင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်ဟာ မိခင်ဖြစ်သူ လွတ်မြောက်ရေးအတွက် ကာလရှည်ကြာ အစဉ်တစိုက် တောင်းဆိုနေခဲ့သူ ဖြစ်ပါတယ်။ သူကချားလ်စ်ဘုရင်ရဲ့ လက်ဆောင်ပေးပို့မှုကို အာဏာသိမ်းမြန်မာစစ်တပ်ကဝါဒဖြန့် ကရိယာ တစ်ခုအဖြစ် အသုံးချပြီး ဗြိတိန် အစိုးရက တရားဝင်မှု တရားဝင် ပေးအပ် အသိပြုထားသလို ပုံဖော်လာနိုင်တာကိုထောက်ပြခဲ့ပါတယ်။
ဒါပေမဲ့ မိခင်ဆီကို လက်ဆောင်ပေးပို့တဲ့ ချားလ်စ်ဘုရင်ရဲ့ စိတ်စေတနာအတွက်တော့ ဝမ်းသာကြောင်း ကိုထိန်လင်းက ဆိုပါတယ်။ အခုလို ကိစ္စမျိုးတွေကို သတင်းထုတ်ပြန်တဲ့အခါ အာဏာသိမ်း စစ်တပ်ဟာ ထင်ယောင်ထင်မှား ဖြစ်စေမယ့် လှည့်စားမှုတွေကို လုပ်လေ့ရှိကြောင်း၊ စစ်တပ်အပေါ် နိုင်ငံတကာ အသိအမှတ်ပြုမှုတွေ ရှိမလာအောင် တားဆီးဖို့ လိုကြောင်း၊ စစ်တပ်ဟာ သူ့မိခင်ရဲ့ အခြေခံ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေဆဲဖြစ်ကြောင်း ကိုထိန်လင်းကပြောကြားခဲ့ပါတယ်။
အာရှလူ့အခွင့်အရေးနှင့်အလုပ်သမားရေးရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ (Asia Human Rights and Labour Advocates)ရဲ့ ဒါရိုက်တာ ဖီးလ်ရောဘတ်ဆန်ကလည်း စစ်တပ်ဟာ နိုင်ငံတကာ တရားဝင်မှု ရရှိရေး အားထုတ်မှုတွေမှာဒေါ်အောင်ဆန်းစုကြည်ကိုဝါဒဖြန့် ကိရိယာတစ်ခုလိုမျိုးအသုံးချနေကြောင်း သတိပေးခဲ့ပါတယ်။
အခုကိစ္စမှာဗြိတိန်တော်ဝင်မိသားစုပါဝင်ပတ်သက်လာပုံက ထူးဆန်းကြောင်း၊ အကျဉ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီ ဥယျာဉ်ခြံ စိုက်ပျိုးရေးနဲ့ မြေဆွေးလုပ်နည်း စာအုပ်တွေကို ချားလ်စ်ဘုရင်က လက်ဆောင် ပို့ပေးတယ် ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူ့ကို တရားဝင်ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူတွေကို ဦးဆောင်မယ့်အစားခြံစိုက်နေသင့်တယ်လို့ ဗြိတိန် အစိုးရက အကြံပြုတဲ့သဘောဖြစ်နေကြောင်း ရောဘတ်ဆန်က ဆိုပါတယ်။
အရင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ချားလ်စ်ဘုရင်အိမ်ရှေ့မင်းသားဘဝမှာအကြိမ်ကြိမ်တွေ့ဆုံခဲ့ဖူးပါတယ်။၂၀၁၂ ခုနှစ်တုန်းကဗြိတိန် ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ချားလ်စ်မင်းသားကို မက်နိုလီယာပင်ပျိုလေးတစ်ပင် လက်ဆောင် ပေးခဲ့ဖူးပါတယ်။ သူတို့နှစ်ဦး နောက်တစ်ခါ ထပ်တွေ့တော့အဲဒီအပင်လေးရှင်သန် ကြီးထွားနေတာကိုချားလ်စ်ကပြသခဲ့ဖူးပါတယ်။
ချားလ်စ်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း မိုက်ကယ်အဲရစ်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးပါတယ်။မိုက်ကယ်ဟာ ၁၉၉၉ ခုနှစ်၊ အသက် ၅၃ နှစ်အရွယ်မှာဆီးကြိတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆီကို ချားလ်စ်ဘုရင်က စိုက်ပျိုးရေးဆိုင်ရာ စာအုပ်တွေ လက်ဆောင်ပေးပို့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အသေးစိတ် မှတ်ချက်ပေးဖို့ကိုတော့ ဘက်ကင်ဟမ် နန်းတော်က ငြင်းဆိုထားပါတယ်။
ကိုးကား-Telegraph




















































