Connect with us

Hi, what are you looking for?

သတင်း

KIAဒုဗိုလ်ချုပ်ကြီး Rခေါင်လွန်းအပါအဝင် ရဲဘော် ၁၇၉၂ဦး ကိုNUG အစိုးရရဲ့အမြင့်ဆုံး စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆုနဲ့တံဆိပ်တွေ ချီးမြှင့်

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

(အမျိုးသားညီညွတ်ရေးအစိုးရ စစ်ဘက်ဆိုင်ရာ သူရဲကောင်း ဘွဲ့၊ ဆု နှင့် တံဆိပ်ချီးမြှင့်ပွဲအခမ်းအနားကျင်းပနေစဉ်။ ဓာတ်ပုံ - NUG)

‎စက်တင်ဘာ-၇၊၂၀၂၆။ထားမြတ်/People’s Spring

‎စစ်အာဏာရှင်တော်လှန်ရေးမှာစစ်ရေးတာဝန်တွေစွမ်းစွမ်းတမံထမ်း‌ဆောင်ခဲ့တဲ့ PDFနဲ့ မဟာမိတ်တပ်တွေထဲက တော်လှန်‌ရဲဘော် ၁၈၀၀ နီးပါးကို စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ်တွေ ဂုဏ်ပြုချီးမြှင့်လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ပါတယ်။

စစ်ရေးတာဝန်တွေကို စွမ်းစွမ်းတမံ ထူးခြားကျေပွန် အောင်မြင်စွာထမ်းဆောင်ခဲ့ကြတဲ့ ရဲဘော်တွေရဲ့ပေးဆပ်မှု၊စွန့်လွှတ်မှုနဲ့ အမှုထမ်းဆောင်မှုတို့ကို အလေးအမြတ်ပြုတဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တည်ထောင်ခြင်း(၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ်ချီးမြှင့်တာလို့အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကစက်တင်ဘာ ၇ ရက် မှာထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ဒီနေ့မနက်မှာ ပြုလုပ်ခဲ့တာပါ။ အွန်လိုင်းကနေပြုလုပ်တဲ့အဲဒီအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ၊နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ကာကွယ်​ရေးဝန်ကြီးဦးရည်မွန် နဲ့အတူ အစိုးရတာဝန်ရှိသူ‌တွေနဲ့ တော်လှန်ရေးအင်အားစုတွေ၊ မဟာမိတ်တပ်ဖွဲ့တွေလည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ (HPR) ချီးမြှင့်ခံရသူ (၁) ဦး၊ ပြည်သူ့တော်လှန်ရေး သူရဲကောင်းဘွဲ့ (LPR) ချီးမြှင့်ခံရသူ (၂၁) ဦး၊ ပြည်သူ့ဇာနည်ဆု (PMNS) ချီးမြှင့်ခံရသူ (၁၆၄၇) ဦး၊ ပြည်သူ့သားကောင်းဆု (PMLS) ချီးမြှင့်ခံရသူ (၈၁) ဦး၊ တော်လှန်ရေးအမှုထမ်းကောင်းတံဆိပ် (BRS) ချီးမြှင့်ခံရသူ (၄၂) ဦးစသဖြင့် စုစုပေါင်း ၁၇၉၂ ဦးကို ဆုချီးမြှင့်တာလို့ ထုတ်ပြန်ပါတယ်။ ဒီဆုတံဆိပ် ငါးမျိုးဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမြင့်ဆုံး အသိအမှတ်ထား ဂုဏ်ပြုချီးမြှင့်မှုဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

ပြည်သူ့တော်လှန်ရေးဂုဏ်ဆောင်ဘွဲ့ HPR ဆုကိုအမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတိယဗိုလ်ချုပ်ကြီး Rခေါင်လွန်းကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွန်းဟာ ၂၀၂၄ ခုနှစ်၊မေလ ၁၃ ရက်နေ့တွင်အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

သူရဲကောင်း ဘွဲ့၊ ဆုနဲ့တံဆိပ် ချီးမြှင့်တာမှာပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ (၁,၄၄၂)ဦး၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDO)မှ (၃၂၄) ဦး၊ မဟာမိတ်တော်လှန်ရေး အဖွဲ့အစည်းတွေက ၂၆ ဦးပါဝင်ပါတယ်။ ချီးမြှင့်ရာမှာ အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် စစ်ရုံးချုပ်ကို အချိန်မီရောက်ရှိလာတဲ့ အဆိုပြုလွှာများအပေါ်မှာ အခြေခံပြီး စိစစ်ရွေးချယ်ခဲ့တာဖြစ်ပြီး အကြောင်းကြောင်းကြောင့် အဆိုပြုလွှာတွေ အချိန်မီမရောက်ရှိတဲ့အတွက်ဒီနှစ်သူရဲ

ကောင်း၊ ဘွဲ့၊ တံဆိပ် ချီးမြှင့်မှု အစီအစဉ်မှာ ကျန်ရစ်တဲ့ ရဲဘော်များလည်း ရှိနိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။ အဲ့ဒီရဲဘော်တွေကို လာမည့်နှစ် သူရဲကောင်းဘွဲ့၊ ဆု၊ တံဆိပ် ချီးမြှင့် အပ်နှင်းခြင်းအစီအစဉ်မှာ ထည့်သွင်း ချီးမြှင့် ပေးသွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

“ဒီနေရာမှာ အထူးတလည် ပြောကြားလိုတာက ဒီနေ့အခမ်းအနားမှာ ဘွဲ့ဆုတံဆိပ်များ မရရှိခဲ့သော်လည်း တော်လှန်ရေး ၅ နှစ်တာ ကာလတလျှောက်လုံး မိမိတို့ကျရာ ကဏ္ဍအသီးသီးမှနေ၍ အသက်၊ သွေး၊ ချွေးများ ပေးဆပ်ကာ ရွတ်ရွတ်ချွံချွံဖြင့် ခုခံတွန်းလှန်စစ်ကို ယနေ့တိုင် ဆက်လက်ပါဝင် ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ရဲဘော်အားလုံးနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးကိုလည်း အထူးပင် ဂုဏ်ယူလေးစား မှတ်တမ်းတင် အပ်ပါတယ်။ တော်လှန်ရေးခရီးကြမ်းမှာ ဆုတံဆိပ်များထက် ပြည်သူ့ လွတ်မြောက်ရေးကိုသာ ရှေးရှုပြီး တိုက်ပွဲဝင်နေ ကြတဲ့ ရဲဘော်တစ်ဦးချင်းစီရဲ့ ပေးဆပ်မှုများအတွက် အတိုင်းမသိ ကျေးဇူးတင် ဂုဏ်ယူပါကြောင်း ပြောလိုပါတယ်”လို့ ဒီနေ့အခမ်းအနားမှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာ ဦးရည်မွန်ကထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဘွဲ့၊ဆုနဲ့တံဆိပ်ချီးမြှင့်ရေးလုပ်ငန်းစဉ်မှာပထမအဆင့်အဖြစ် အဆိုပြုလွှာတွေကို ကွပ်ကဲမှုအဆင့်အလိုက်စိစစ်ခဲ့ပြီး ဒုတိယအဆင့်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနအတွင်း ကနဦး စိစစ်ရွေးချယ်မှုကို ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။တတိယအဆင့်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ “စစ်ဘက်ဆိုင်ရာသူရဲကောင်းဘွဲ့၊ဆု၊တံဆိပ်စိစစ်ရွေးချယ်ရေးကော်မတီ” က ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကနဦး စိစစ်ရွေးချယ်မှုအပေါ် ထပ်ဆင့်စိစစ် အတည်ပြုရွေးချယ် ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ထုတ်ပြန်ချက်အောက်မှာ ပြည်သူတစ်ဦးက” ဒီထက်မကတောင် ဂုဏ်ပြုထိုက်တဲ့သူတွေပါ။ ပြည်သူတစ်ယောက်အနေနဲ့ လှိုက်လှိုက်လှဲလှဲ ထောက်ခံအပ်ပါတယ်” လို့မှတ်ချက်ပြုထားပါတယ်။

ဒီလို ဆုချီးမြှင့်ဝာာဟာ တော်လှန်ရေးရဲဘော်တွေကို စိတ်ခွန်အားဖြစ်စေပြီး မြေပြင်မှာလည်း ထိရောက်တဲ့ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးဖို့ PDF ရဲဘော်အချို့က တောင်းဆိုပါတယ်။

“စစ်အာဏာရှင်ကို အဆုံးထိတိုက်မယ်ဆိုပြီး တော်လှန်ရေးထဲ မြှုပ်နှံထားတဲ့ ရဲဘော်တွေအများကြီးရှိတယ်။ သူတို့ရဲ့ ပေးဆပ်မှုတွေကို အသိအမှတ်ပြုပေးသလို သူတို့ရဲ့ မိသားစုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေအတွက်လည်း အစိုးရရဲ့ ဦးစားပေးအစီအစဉ်အနေနဲ့ အထောပ်အပံ့တွေ ပေးစေချင်တယ်”လို့ ပခုက္ကူခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဥက္ကဌ ဦးမြင့်ထွေးကလည်း တော်လှန်ရေးအတွက် စွန့်လွှတ်ထားတဲ့ ရဲဘော်တွေတစ်ဦးချင်းစီကို NUG အစိုးရက သေချာမှတ်တမ်းပြစုထားတယ်လို့ ပြောပါတယ်။

“ဒါကကျတော်တို့ အလေးအနက်ထားတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ ဂုဏ်ပြုအပ်သူတွေကိုမမေ့မလျော့ဖို့ လွှတ်တော်ကလည်း မှတ်တမ်းတင်ထားပါတယ်”လို့ ဦးမြင့်ထွေးက ပြောပါတယ်။

စစ်ဘက်ဆိုင်ရာ သူရဲကောင်းဘွဲ့၊ ဆုနဲ့ တံဆိပ် ချီးမြှင့်ခြင်းအစီအစဉ်ကို နှစ်အလိုက် ဆောင်ရွက်သွားမယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

ဒီနေ့ စက်တင်ဘာလ ၇ ရက်နေ့ဟာ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် ပြည်သူတစ်ရပ်လုံး တညီ တညွတ်တည်း ထကြွတွန်းလှန်ခဲ့ကြတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ် (၅) နှစ်ပြည့်မြောက်တဲ့ သမိုင်းဝင် နေ့ရက်ဖြစ်ပြီး လွန်ခဲ့သော ၅ နှစ်တာကာလအတွင်း မိမိတို့၏ အသက်၊ ခန္ဓာနဲ့ကိုယ်ကျိုးစီးပွားတွေကို မငဲ့ကွက်ဘဲ စစ်ရေးတာဝန်တွေကို ရဲဝံ့စွာစွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြတဲ့ သူရဲကောင်းတွေရဲ့ ဂုဏ်ကျေးဇူးကို အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ လေးနက်စွာ အသိအမှတ်ထား ဂုဏ်ပြုတယ်လို့ ဝန်ကြီးဦးရည်မွန်က ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါလ ၁ရက်နေ့က စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူထုခုခံတော်လှန်စစ်စတင်ခဲ့တာ ၅နစ် ကျော်လာပြီဖြစ်ပါတယ်။ စစ်တပ်က နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ မွန်ပြည်နယ်ကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်‌တွေမှာ နယ်မြေအများစုကို လက်လွှတ်ထားရပြီး လက်ရှိမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီအုပ်စုကို နိုင်ငံတကာကလည်း အသိအမှတ်ပြုမထားဘဲ စစ်အာဏာရှင်အပြီးသတ်ကျဆုံးတဲ့အထိ လူထုအားနဲ့ ဆက်လက်တိုက်ပွဲဝင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)တို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အပြင် အခြားသောစစ်လက်နက်ပစ္စည်းဝယ်ယူရေး၊ ထုတ်လုပ်ရေး၊ ရိက္ခာနဲ့ ဆေးဝါး၊ လေ့ကျင့်ရေး၊ စစ်ဆင်ရေးနဲ့ မဟာမိတ်မျှဝေမှုတွေကို ပြည်ထောင်စုရန်ပုံငွေမှ ရရှိသော ရန်ပုံငွေများမှ မျှဝေသုံးစွဲလျက်ရှိတယ်လို့ ထုတ်ပြန်ပါတယ်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးကို လက်မခံဟုပြောဆိုထားတဲ့ လူထူခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဖိုင်တု ထွက်ပေါ်လာတာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က သတိပေးချက်တရပ် လူမှုကွန်ရက်ကနေ ပြန်လည်ရေးသားခဲ့ပြီး ပြည်သူတွေအနေနဲ့ စစ်အုပ်စုရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို သတိထားဖို့ သတိပေးလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ဒီကနေ့ ဩဂုတ် ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။