စက်တင်ဘာ-၉၊၂၀၂၆။ဇော်ရမ်း/People’s Spring
မကွေးတိုင်း ၊မင်းတုန်းမြို့နယ်ထဲက ပဲခူးရိုးမအခြေမှာ စက်တင်ဘာလဆန်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူတွေထဲမှာ ဒုတိယဗိုလ်မှူးကြီးနှစ်ဦးပါဝင်တယ်လို့ သတင်းရရှိပါတယ်။
ရခိုင်ရိုးမပေါ်ကို တက်ဖို့ ကြိုးစားနေတဲ့ စစ်တပ်စစ်ကြောင်းတွေကို အာရက္ခတပ်တော်(AA)၊PDF နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်နေပြီးတိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားနေတာပါ။ စက်တင်ဘာလဆန်းကတိုက်ပွဲမှာတပ်မ(၅၅)လက်အောက်ခံ
တပ်ရင်းတွေထဲက တပ်ရင်းမှူးနှစ်ဦးဖြစ်တဲ့ ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ်နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် သေဆုံးတယ်လို့ နေပြည်တော်ကစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်

Public Service Announcement
“တပ်မ(၅၅)ကို မင်းတုန်းရော ၊စစ်တွေရော ပို့ထားတာ။မင်းတုန်းဂွင်မှာက ဩဂုတ်လလယ်ကစပြီးထိတာ။နယ်မြေမကျွမ်းကျင်တဲ့အပိုင်းတွေပါတယ်။ပစတွေကလည်း စစ်မတိုက်တတ်ဘူး။ အရာရှိတွေကိုယ်တိုင်လည်း စိတ်မပါတော့ အကျိုးဆက်တွေ မကောင်းဘူး”လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။
ဒုဗိုလ်မှူးကြီး တင်မျိုးထွဋ် နဲ့ ဒုဗိုလ်မှူးကြီး မြတ်သင်းကျော် တိုက်ပွဲမှာ သေဆုံးတဲ့ သတင်းကို စစ်တပ်မိသားစုတချို့က လူမှုကွန်ရက်မှာရေးသားထားကြပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ ရခိုင်ပြည်နယ်တောင်ကုတ်မြို့ကို ဦးတည်ပြီး မင်းတုန်းမြို့နယ်အနောက်ဘက်ရခိုင်ရိုးမကတဆင့် စစ်တပ်စစ်ကြောင်းတွေကဝင်ရောက်ဖို့ကြိုးပမ်းနေတာပါ။ အဲဒီစစ်ကြောင်းတွေကို တပ်မ(၅၅)က ဗျူဟာမှူးဗိုလ်မှူးကြီးအောင်ဇော်မင်းဦးစီးတယ်လို့ သတင်းရင်းမြစ်ကပြောပေမဲ့ အသေးစိတ်မသိရသေးပါဘူး။ အင်အား ၁၀၀၀ ကျော်နဲ့ ဝင်ရောက်လာလို့ ဇွန်လဆန်းပိုင်းကတည်းက တိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတွေသေဆုံး ဒဏ်ရာရသူများပြီး ရှေ့မတိုးနိုင်ဘဲလန်ကျနေတာဖြစ်ပါတယ် ။
ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးပတ်က မင်းတုန်းမြို့အနောက်ခြမ်းကို ရောက်လာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲအတွင်း စစ်သုံ့ပန်း ငါးဦး ဖမ်းမိကာ လက်နက်ခဲယမ်းနဲ့အလောင်းတချို့ သိမ်းဆည်းရရှိတယ်ခဲ့လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေလည်းဆက်လက်ပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။
လက်ရှိမှာ စစ်တပ်က ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ချင်းပြည်နယ်ဘက်ကနေ ရခိုင်ပြည်နယ်ထဲကိုဝင်ရောက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသတွေမှာတိုက်ပွဲတွေပြင်းထန်နေပါတယ်။စစ်တပ်ဝါဒဖြန့်ချိရေးလူမှုကွန်ယက်တွေက ၄၉၂၆ စစ်ဆင်ရေး စစ်တပ်အသာရနေပြီလို့ ပြောဆိုရေးသားနေကြပေမယ့် မြေပြင်မှာ စစ်သားတွေထိခိုက်သေဆုံးမှုများပြားနေတယ်လို့ စစ်ရေးသတင်းရင်မြစ်တွေကပြောပါတယ်။

















































