Connect with us

Hi, what are you looking for?

ဆောင်းပါး

AfDပါတီအောင်ပွဲ နဲ့ ဂျာမနီရဲ့ ​ရွေ့​ပြောင်း​နေထိုင်မှု-Migration အနာဂတ်

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

ဥဂ္ဂါ ရေးသားသည်။

ဂျာမနီနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ပြီးနောက် နှစ်ပေါင်း ၈၀ ကျော်ကာလအတွင်းလက်ယာစွန်း (Far-right)ပါတီတစ်ခုကပြည်နယ်အဆင့်ရွေးကောက်ပွဲတစ်ခုမှာ ဒီလောက်အထိ ထောက်ခံမှုရရှိပြီးအင်အားကြီးလာခဲ့တာဟာ ရှားပါးတဲ့ သမိုင်းဝင်နိုင်ငံရေးဖြစ်ရပ်တစ်ခုဖြစ်ပါတယ်။

၂၀၂၆စက်တင်ဘာ ၆ ရက်နေ့မှာကျင်းပခဲ့တဲ့ဆက်ဆိုနီ-အန်ဟော့လ်(Saxony-Anhalt)ပြည်နယ် ရွေးကောက်ပွဲမှာ လက်ယာစွန်းပါတီဖြစ်တဲ့ AfD (Alternative for Germany)ဟာမဲအများဆုံးရရှိခဲ့ပြီး ဂျာမနီနိုင်ငံရေးလောကကို တုန်လှုပ်စေခဲ့ပါတယ်။ AfD ဟာ မဲ ၄၃.၈ ရာခိုင်နှုန်းခန့် ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော် အမတ်နေရာ ၈၃ နေရာထဲက ၃၉ နေရာရရှိခဲ့ပါတယ်။ဒါပေမဲ့ အစိုးရတစ်ဖွဲ့တည်း ဖွဲ့နိုင်ဖို့ လိုအပ်တဲ့ ၄၂ နေရာကိုတော့ မရရှိခဲ့ပါဘူး။

ဒီအောင်ပွဲဟာ ရိုးရိုးရွေးကောက်ပွဲ အောင်ပွဲတစ်ခုထက် ပိုမိုအဓိပ္ပါယ်ရှိပါတယ်။ နိုင်ငံရေးသုံးသပ်သူ တွေကတော့ ဒီတစ်ကြိမ် လက်ယာစွန်းပါတီကို ပြည်သူအများအပြား ရွေးချယ်ခဲ့ခြင်းဟာ ဂျာမနီလူ့အဖွဲ့အစည်းအတွင်း ရွှေ့ပြောင်းနေထိုင်မှု (Migration)၊လုံခြုံရေး၊ အမျိုးသား အမှတ်လက္ခဏာ၊ ယဉ်ကျေးမှုနဲ့ ရိုးရာတန်ဖိုးများ ထိန်းသိမ်းရေး၊ အစိုးရမူဝါဒတွေအပေါ် စိုးရိမ်မှုနဲ့ မကျေနပ်မှုတွေ တိုးပွားလာနေတဲ့ လက္ခဏာတစ်ရပ်အဖြစ် သုံးသပ်ကြပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ ဒီပါတီဟာ အစပိုင်းမှာ ဥရောပသမဂ္ဂ (EU) နဲ့ ယူရိုငွေကြေးဆိုင်ရာ ဝေဖန်မှုတွေကိုအဓိကထားခဲ့ပေမဲ့၂၀၁၅ ခုနှစ်နောက်ပိုင်းဒုက္ခသည်အကျပ်အတည်း ဖြစ်ပွားချိန်ကစပြီး ရွှေ့ပြောင်းနေထိုင်မှု (migration)ကိုအဓိက နိုင်ငံရေးအကြောင်းအရာအဖြစ် ပြောင်းလဲခဲ့ပါတယ်။

ဒီနေ့ ဂျာမနီရဲ့ လူဝင်မှုကြီးကြပ်ရေး အငြင်းပွားမှုရဲ့ အစကို ပြန်ကြည့်မယ်ဆိုရင်၊ CDU Party ရဲ့ ယခင်ဝန်ကြီးချုပ် အန်ဂျလာ မာကယ် (Angela Merkel)ရဲ့ နိုင်ငံရေးသမိုင်းမှာ အထူးထင်ရှားတဲ့ ၂၀၁၅ ခုနှစ် ဒုက္ခသည်အကျပ်အတည်းအချိန် ဆီးရီးယားနဲ့ အခြားစစ်ဘေးဒုက္ခသည်များအတွက် ဂျာမနီနယ်စပ်ကိုပိုမိုဖွင့်လှစ်လက်ခံခဲ့တဲ့မူဝါဒဖြစ်ပါတယ်။

ထောက်ခံသူတွေကဒီမူဝါဒဟာ လူသားချင်းစာနာမှုနဲ့ ဂျာမနီရဲ့ ရေရှည်လုပ်သားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်တယ်လို့ မြင်ကြပြီး၊ ဝေဖန်သူတွေကတော့ ဒုက္ခသည်အရေအတွက်များပြားလာမှုကြောင့်အိမ်ရာ၊ ကျောင်း၊ လူမှုဝန်ဆောင်မှုတွေအပေါ် ဖိအားဖြစ်စေတယ်၊ လုံခြုံရေးနဲ့ ပေါင်းစည်းရေး (integration) ပြဿနာတွေ ဖြစ်စေတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။

နောက်ပိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ စိုးရိမ်မှုတွေကို AfD က နိုင်ငံရေး အင်အားအဖြစ် အသုံးချခဲ့ပါတယ်။

AfD ရဲ့အဓိကမဲဆွယ်ချက်ကတော့“ပြန်လည်ရွှေ့ပြောင်းနေထိုင်ခြင်း (Remigration)” လို့ ခေါ်တဲ့ နိုင်ငံတွင်း နေထိုင်ခွင့်မရှိသူ​တွေ ဒါမှမဟုတ် ပြန်လည်ထွက်ခွာရမယ်သူ​တွေကို မူလနိုင်ငံများသို့ ပြန်ပို့ရေး အယူအဆ ဖြစ်ပါတယ်။

ဒါပေမဲ့ ဝေဖန်သူတွေကတော့ AfD ရဲ့ Remigration အယူအဆဟာ တရားမဝင်နေထိုင်သူတွေအပြင် ဂျာမနီမှာ အခြေချနေထိုင်ပြီးသားနိုင်ငံခြားနောက်ခံရှိသူတွေအထိသက်ရောက်လာနိုင်တဲ့ အန္တရာယ် ရှိတယ်လို့ စိုးရိမ်ကြပါတယ်။ အထူးသဖြင့် ၂၀၂၄ ခုနှစ်မှာ AfD တာဝန်ရှိသူအချို့နဲ့ အစွန်းရောက်အုပ်စုများကြား Remigration ဆိုင်ရာ ဆွေးနွေးမှုတွေက ဂျာမနီနိုင်ငံတစ်ဝန်း အငြင်းပွားမှုကြီး ဖြစ်စေခဲ့ပါတယ်။

ပါတီခေါင်းဆောင်အဲလစ်ဝိုင်ဒယ်(Alice Weidel)ကလည်း နယ်စပ်ထိန်းချုပ်မှု တင်းကျပ်ရေး၊ တရားမဝင် ဝင်ရောက်သူများကို ပြန်လည်ပို့ဆောင်ရေးနဲ့ လက်ရှိ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒကို ပြောင်းလဲရေးကို အဓိကထား ပြောဆိုခဲ့ပါတယ်။

AfDရဲ့မဲဆွယ်ပုံကတော့ “ဂျာမနီဟာမိမိနိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ပထမဦးစားပေးရမယ်” ဆိုတဲ့ အယူအဆပေါ် အခြေခံထားပါတယ်။ ပါတီက လူဝင်မှုကြီးကြပ်ရေးကို လုံးဝပိတ်ပင်ဖို့ မဆိုပေမဲ့၊ ဘယ်သူဝင်လာခွင့်ရှိမလဲ၊ ဘယ်သူနေထိုင်ခွင့်ရမလဲဆိုတာကို ပိုမိုတင်းကျပ်စွာ ထိန်းချုပ်လိုပါတယ်။

ဒါကြောင့် AfD အာဏာရလာရင် ရွှေ့ပြောင်းနေထိုင်မှုတွေရဲ့အနာဂတ်ဘယ်လိုပြောင်းလဲနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးပထမဆုံး ဖြစ်လာနိုင်တာက နယ်စပ်ထိန်းချုပ်မှု ပိုမိုတင်းကျပ်လာနိုင်ခြင်း ဖြစ်ပါတယ်။AfDဟာတရားမဝင် ဝင်ရောက်မှုကို တားဆီးဖို့ နယ်စပ်စစ်ဆေးမှုများ တိုးမြှင့်ရေးကို တောင်းဆိုထားပါတယ်။

ဒုတိယအချက်က ဒုက္ခသည်နဲ့ နိုင်ငံခြားသားတွေအတွက် နေထိုင်ခွင့်ရရှိရေး ပိုမိုခက်ခဲလာနိုင်ခြင်း ဖြစ်ပါတယ်။ အထူးသဖြင့် ခိုလှုံခွင့် (asylum) လျှောက်ထားသူများ၊ နေထိုင်ခွင့်မပြည့်စုံသူများအပေါ် မူဝါဒတင်းကြပ်လာနိုင်ပါတယ်။

တဖက်မှာလည်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ Student Visa ရရှိဖို့ အလွန်ခက်ခဲလာတဲ့ အခြေအနေကြောင့် နိုင်ငံရေးမတည်ငြိမ်မှုရှိတဲ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ​တွေက ကျောင်းသားအများအပြားဟာ ဂျာမန်ဘာသာစကားကို သင်ယူပြီး ဂျာမနီနိုင်ငံရှိ ကောလိပ်နဲ့ တက္ကသိုလ်တွေကို ပညာသင်ယူဖို့ ဦးတည်လာကြပါတယ်။

ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံအတွင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲတွေ၊ အထူးသဖြင့် ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒအပြောင်းအလဲတွေဟာ နိုင်ငံခြားကျောင်းသားတွေရဲ့ ပညာရေး အခွင့်အလမ်းနဲ့ အနာဂတ်အစီအစဉ်တွေကိုပါ သက်ရောက်လာနိုင်တဲ့ အခြေအနေတစ်ခု ဖြစ်လာနေပါတယ်။

တတိယအချက်ကတော့ ဂျာမနီရဲ့ စီးပွားရေးလိုအပ်ချက်နဲ့ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒကြား တင်းမာမှု ဖြစ်ပါတယ်။

တတိယအချက်ကတော့ ဂျာမနီရဲ့ စီးပွားရေးလိုအပ်ချက်နဲ့ ရွှေ့ပြောင်းနေထိုင်မှု မူဝါဒကြား တင်းမာမှု ဖြစ်ပါတယ်။ ဂျာမနီဟာ အသက်ကြီးသူဦးရေ တိုးလာပြီး အလုပ်လုပ်နိုင်တဲ့ လူအင်အားလျော့နည်းလာတာကြောင့် ကျွမ်းကျင်လုပ်သား လိုအပ်ချက်ကြီးမားနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ စီးပွားရေးကဏ္ဍများစွာမှာ လူအင်အားလိုအပ်ချက်ကို ဖြေရှင်းဖို့ နိုင်ငံခြားသားလုပ်သားများကို အားထားနေရပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာတော့ ရွှေ့ပြောင်းနေထိုင်သူ​​တွေတိုးလာမှုကြောင့်အိမ်ရာ၊ကျောင်း၊ကျန်းမာရေးစနစ်နဲ့ လူမှုဝန်ဆောင်မှုတွေအပေါ် ဝန်ထုပ်ဝန်ပိုး ဖြစ်လာတယ်လို့ ခံစားနေတဲ့ ပြည်သူတချို့ရဲ့ စိုးရိမ်မှုများလည်း ရှိနေပါတယ်။AfD ဟာ ဒီလို စိုးရိမ်မှုတွေကို နိုင်ငံရေး အင်အားအဖြစ် အသုံးချခဲ့ပြီး၊ ရွှေ့ပြောင်းနေထိုင်မှုကိုပိုမိုတင်းကျပ်စွာထိန်းချုပ်ဖို့တောင်းဆိုလာခဲ့ပါတယ်။

AfD ရဲ့ အမြင်မှာတော့ အများပြည်သူအတွင်း ဘုံယဉ်ကျေးမှု၊ ဂျာမန်ဘာသာစကား၊ ရိုးရာတန်ဖိုးများနဲ့ လူမှုစည်းမျဉ်း​တွေကိုထိန်းသိမ်းခြင်းဟာအရေးကြီးတယ်လို့ဆိုပါတယ်။

သူတို့က ယဉ်ကျေးမှုပေါင်းစုံ နေထိုင်မှုကို လူမှုအသိုင်းအဝိုင်း ကွဲပြားသွားစေနိုင်တဲ့ အန္တရာယ်အဖြစ်မြင်ပြီး ရွှေ့ပြောင်းနေထိုင်လာမှု တွေကို ထိန်းချုပ်လိုပါတယ်။

သို့သော် AfD အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ မဲရရှိခြင်းနဲ့ အုပ်ချုပ်နိုင်ခြင်းဟာ မတူညီတာပဲ ဖြစ်ပါတယ်။ ဆက်ဆိုနီ-အန်ဟော့လ်ပြည်နယ် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပေမဲ့ အများစုအမတ်နေရာ မရရှိခဲ့သလို၊ ဂျာမနီရဲ့ အဓိကပါတီများကလည်း AfD နဲ့ ပူးပေါင်းမည်မဟုတ်ကြောင်း ပြောထားပါတယ်။

ဒါကြောင့် လက်ရှိအခြေအနေမှာတော့ AfD ရဲ့ မူဝါဒအားလုံး ချက်ချင်း အကောင်အထည်ဖော်နိုင်မယ့် အနေအထား မရှိသေးပါဘူး။ ဒါပေမဲ့ ဂျာမနီမှာ ရောက်ရှိနေပြီးသား ရွှေ့ပြောင်း နေထိုင်လာကြသူ (Migrants) တွေ၊ နိုင်ငံကို ပြောင်းရွှေ့နေထိုင်ဖို့ စဉ်းစားနေသူတွေအတွက်တော့လက်ရှိ နိုင်ငံရေး အပြောင်းအလဲရဲ့ သက်ရောက်မှုတွေကို စိုးရိမ်မှုများနဲ့အတူ ဂျာမနီရဲ့ အနာဂတ် ရွှေ့ပြောင်းနေထိုင်လာမှု (Migration) မူဝါဒ ဘယ်လမ်းကို ရွေးချယ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အချိန်ကာလတစ်ခု ဖြစ်လာနေပါတယ်။

ကိုးကား-
• CNN (AfD election result)
• Reuters (Germany migration debate
• AfD policy), AfD official documents (Remigration policy)

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဖောက်ခွဲရေးပစ္စည်း သယ်လာတဲ့ ဒရုန်းတစ်စင်းကို လေဆိပ်ထဲ ကျနေတာကို ရှာတွေ့ခဲ့တာက လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှု အသစ်တစ်ခု ဖြစ်လာကြောင်း ဂျာမနီ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီက မိခင်နဲ့ကလေးများ စင်တာတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် လူ ၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။