ခါကာဘို ရေးသားသည်။
တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။
ရွှေတြိဂံနယ်မြေဆိုတာလာအို၊ မြန်မာနဲ့ ထိုင်းနိုင်ငံတို့ ဆုံတွေ့ရာ တောင်ကုန်းထူထပ်တဲ့ သစ်တောနယ်မြေ ဖြစ်ပြီး ကမ္ဘာ့ဘိန်းထုတ်လုပ်မှုရဲ့ အဓိကဗဟိုချက်တစ်ခုအဖြစ် လူသိများခဲ့ပါတယ်။
မူးယစ်ရာဇာတွေကဘိန်းပင်ကရတဲ့

Public Service Announcement
“ဘိန်းစေး”ကို “ရွှေနက်” လို့ တင်စားခေါ် ဝေါ်ကြပြီး အဲဒီကနေ ထုတ်လုပ်ပြုပြင်လိုက်ရင် ဘိန်းဖြူ (Heroin) ဖြစ်လာပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ကမ္ဘာ့ဘိန်းစိုက်ပျိုးမှုရဲ့ သုံးပုံနှစ်ပုံနီးပါးဟာ ဒီဒေသမှာ ရှိခဲ့ပါတယ်။
ဒါပေမဲ့ နိုင်ငံတကာဖိအားကြောင့် အစိုးရတွေရဲ့တင်းကျပ်တဲ့ နှိမ်နင်းမှုနဲ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေပြောင်းလဲမှုတွေကြောင့် ၂၀၀၆ ခုနှစ်ရောက်တဲ့အခါ တရားမဝင် ဘိန်းထုတ်လုပ်မှုရဲ့ ၅ ရာခိုင်နှုန်းခန့်ထိ လျော့ကျသွားခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိမှာတော့ ဒီ “ရွှေနက်”တွေ မြန်မာနိုင်ငံမှာ ပြန်လည်ခေါင်းထောင်လာပါတယ်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး (UNODC) ရဲ့အဆိုအရစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမြန်မာဟာကမ္ဘာမှာ တရားမဝင် ဘိန်းအများဆုံး ထွက်ရှိတဲ့ နိုင်ငံပြန်ဖြစ်လာပြီး စိုက်ပျိုးမှု အများစုက အရှေ့ပိုင်း ရှမ်းပြည်နယ် ဖြစ်ပါတယ်။
ဒီလိုမြန်မာ့ဘိန်းကုန်သွယ်မှု ပြန်လည်တိုးပွားလာတာဟာ ပြည်တွင်းအခြေအနေကြောင့်ရော၊ ကမ္ဘာ့ဘိန်းဈေးကွက်မှာ ဖြစ်ပေါ်လာတဲ့ ပြောင်းလဲမှုတွေနဲ့ပါ ဆက်နွယ်နေပါတယ်။
အရင်က ကမ္ဘာ့ဘိန်းထုတ်လုပ်မှုမှာ ထိပ်ဆုံးနေရာယူခဲ့တဲ့ အာဖဂန်နစ္စတန်မှာ တာလီဘန်အစိုးရက ၂၀၂၁ ခုနှစ်မှာ နိုင်ငံကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ပါတယ်။ဒီအခြေအနေကြောင့်ကမ္ဘာ့ဈေးကွက်မှာ ဘိန်းရှားပါးလာပြီး မြန်မာနိုင်ငံက ဘိန်းစိုက်တောင်သူတွေအတွက်ဈေးကောင်းရလာခဲ့ပါတယ်။
ဒါ့အပြင်ပြည်တွင်းပဋိပက္ခတွေကလည်းဘိန်းလုပ်ငန်းကို ပိုမိုတွင်ကျယ်စေခဲ့ပါတယ်။ “ဒါဟာ ဆင်းရဲမွဲတေမှု ပြဿနာပါ” လို့ UNODC က Jeremy Douglas က ဆိုပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်
ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၅.၂ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး၊ သိန်းနဲ့ချီ အသက်ဆုံးရှုံးခဲ့ရပါတယ်။လူဦးရေရဲ့ တစ်ဝက်နီးပါး ဆင်းရဲမွဲတေမှုနဲ့ ရင်ဆိုင်နေရပြီး UNODC ရဲ့ စာရင်းတွေအရ လွန်ခဲ့တဲ့နှစ်မှာ ဘိန်းစိုက်ပျိုးမြေ ပမာဏ ၁၇ ရာခိုင်နှုန်း အထိ မြင့်တက်လာခဲ့ပါတယ်။
အချက်အလက်မှတ်တမ်းများအရ နိုင်ငံတဝန်း ဘိန်းစိုက်ဧရိယာရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ ရှမ်းပြည်နယ်မှာရှိပြီး၊ အထူးသဖြင့် ရှမ်းတောင်ပိုင်းကဆီဆိုင်၊ပင်လောင်း၊ဟိုပုံး၊လွိုင်လင်၊ မိုင်းရှူးနဲ့ လဲချားဒေသတွေမှာ အများဆုံးတွေ့ရပါတယ်။ ရှမ်းမြောက်ပိုင်းက ကွတ်ခိုင်၊ တန့်ယန်း၊ မိုင်းရယ်၊ကျောက်မဲ နဲ့ နမ့်ခမ်း၊ ရှမ်းအရှေ့ပိုင်းက မိုင်းဆတ်၊ မိုင်းတုံနဲ့ တာချီလိတ်ဒေသတွေမှာလည်း စိုက်ပျိုးမှုတွေ ရှိနေပါတယ်။
ရှမ်းပြည်နယ်အပြင် ချင်းပြည်နယ်မှာလည်း တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်က အိန္ဒိယနယ်စပ်အနီး ဒေသတချို့မှာ ဘိန်းစိုက်ပျိုးမှုတွေ တွေ့ရပါတယ်။ ကချင်ပြည်နယ်က ဆဒုံး၊ ကံပိုင်တီ၊ တနိုင်းဒေသ တချို့နဲ့ ကယား (ကရင်နီ) ပြည်နယ် နယ်စပ်ဒေသတချို့မှာလည်းဘိန်းစိုက်ပျိုးမှုတွေဆက်ရှိနေပါတယ်။
ဘိန်းထုတ်လုပ်ရေးမှာ ပါဝင်နေတဲ့သူတွေကို အကြမ်းဖျင်းအားဖြင့် အဆင့်သုံးဆင့်ခွဲကြည့်နိုင်ပါတယ်။အောက်ခြေအဆင့်မှာတော့ ဆင်းရဲမွဲတေမှု၊ တိုက်ပွဲတွေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနဲ့ အခြားသီးနှံတွေက ဝင်ငွေမလုံလောက်မှုတို့ကြောင့် ဒေသခံတိုင်းရင်းသား တောင်သူတချို့ဟာဘိန်းစိုက်ပျိုးမှုကိုအသက်မွေးဝမ်းကျောင်းအဖြစ်ဆက်လက်ရွေးချယ်နေကြပါတယ်။
ဒါပေမဲ့ ဘိန်းကုန်သွယ်မှုရဲ့အဓိကအမြတ်အစွန်းနဲ့ ဖြန့်ချိရေးကွန်ရက်ပိုင်းကိုတော့ စစ်အာဏာရှင် လက်အောက်ခံ ဒါမှမဟုတ် ၎င်းတို့နဲ့ မဟာမိတ်ပြုထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်အချို့၊ ဒေသခံအာဏာပိုင်ကွန်ရက်တွေက ထိန်းချုပ်ထားကြပါတယ်။UNODCအပါအဝင် နိုင်ငံတကာအစီရင်ခံစာတွေမှာလည်း မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ အခွန်ကောက်ခံမှုစနစ်တွေမှာ ဒီလက်နက်ကိုင်အဖွဲ့ တချို့ ပါဝင်ပတ်သက်နေမှုကို ဖော်ပြထားပါတယ်။
ဘိန်းစိုက်ခင်းတွေရှိတဲ့ ဒေသနဲ့ ဘိန်းချက်လုပ်ငန်းတွေရှိတဲ့ နေရာကတော့ အမြဲတမ်း တစ်နေရာတည်း မဟုတ်ပါဘူး။ ဘိန်းစေးကို ဘိန်းဖြူအဖြစ် ပြောင်းလဲတဲ့ စက်ရုံတွေနဲ့ မက်သာဖက်တမင်း (Methamphetamine) / ယာဘ၊ အိုက်စ် ထုတ်လုပ်တဲ့ ဓာတ်ခွဲခန်းတွေဟာ အများအားဖြင့် ရှမ်းပြည်နယ်ရဲ့ တောင်တန်းဒေသတွေ၊ တရုတ်-မြန်မာနဲ့ ထိုင်း-မြန်မာနယ်စပ်အနီး လုံခြုံရေးထိန်းချုပ်မှု အားနည်းတဲ့ တောတောင်နယ်မြေတွေမှာ တည်ရှိနေပါတယ်။
ဒီတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ အခန်းကဏ္ဍကလည်း တစ်ပုံစံတည်း မဟုတ်ပါဘူး။ဝဒေသကိုအုပ်ချုပ်နေတဲ့UWSAက၂၀၀၅ခုနှစ်မှာဘိန်းကင်းစင်ဇုန်အဖြစ်ကြေညာခဲ့ပေမဲ့ အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအကဲခတ်တွေရဲ့ အစီရင်ခံစာတွေမှာတော့ ဝဒေသအတွင်း ဘိန်းစိုက်ပျိုးမှု လျော့နည်းပျောက်ကွယ်သွားခဲ့သော်လည်း မက်သာဖက်တမင်း (ယာဘ၊ အိုက်စ်) လို ဓာတုမူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ရောင်းဝယ်ရေးကွန်ရက်တွေမှာ ဝအဆင့်မြင့် ခေါင်းဆောင်တချို့နဲ့ သူတို့နဲ့နီးစပ်တဲ့ အဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ဆက်ရှိနေပါတယ်။
ကိုးကန့်ဒေသမှာလည်း ၂၀၀၃ ခုနှစ်က ဘိန်းကင်းစင်ရေး ကြေညာချက်တွေ ထွက်ပေါ်ခဲ့ပေမဲ့၊၂၀၀၉ခုနှစ်နောက်ပိုင်းစစ်ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်တဲ့ ပြည်သူ့စစ်အဖွဲ့တွေ (ဥပမာ ပယ်ဆောက်ချိန်အဖွဲ့)ကဒေသကိုထိန်းချုပ်ခဲ့တဲ့ကာလအတွင်းကာစီနိုလုပ်ငန်းတွေ၊ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးအတွင်း MNDAA က ကိုးကန့်ဒေသကို ပြန်လည်ထိန်းချုပ်ပြီးနောက်မှာတော့ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့် (အွန်လိုင်း လိမ်လည်မှု) လုပ်ငန်းတွေကို တိုက်ဖျက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ပအိုဝ်းဒေသဖြစ်တဲ့ဆီဆိုင်နဲ့ပင်လောင်းမြို့နယ်တွေဟာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံရဲ့ ဘိန်းစိုက်ပျိုးမှု အများဆုံးဒေသတစ်ခု ဖြစ်နေဆဲပါ။ UNODC ရဲ့ အစီရင်ခံစာတွေအရ PNO ပြည်သူ့စစ် ဩဇာလွှမ်းမိုးရာနဲ့ အာဏာပိုင်ဖက်နဲ့ နီးစပ်တဲ့ နယ်မြေတချို့မှာ ဒေသခံတောင်သူတွေ ဘိန်းကို အသက်မွေးဝမ်းကျောင်းအဖြစ် ဆက်လက်စိုက်ပျိုးနေကြပြီး၊ အဖွဲ့အစည်းတချို့နဲ့ ဒေသခံခေါင်းဆောင် တွေကအခွန်ကောက်ခံတာတွေလည်းရှိနေပါတယ်။
TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) ကတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အဓိကမူဝါဒတစ်ခုအဖြစ် စတင်ချမှတ်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။ သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဘိန်းစိုက်ခင်းတွေကို ဖျက်ဆီးတာ၊ မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးပြီး ဆေးကုသမှု ခံယူစေတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါပေမဲ့တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးနယ်မြေထိန်းချုပ်မှုအပြောင်းအလဲတွေကြောင့် ဒေသတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်တဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေ ပြန်လည်တိုးပွား လာမှုဟာ နယ်စပ်ကျော် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ စိုးရိမ်စရာ ဖြစ်လာစေပါတယ်။ အိန္ဒိယနိုင်ငံ မဏိပူရ်နဲ့ မီဇိုရမ်ပြည်နယ်တို့နဲ့ ထိစပ်နေတဲ့ ချင်းပြည်နယ်အတွင်း မှာလည်း ဘိန်းစိုက်ပျိုးမှုတွေ ပျံ့နှံ့လာနေပါတယ်။
ထိုင်းနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံဘက်မှ ထွက်ပေါ်လာတဲ့ မူးယစ်ဆေးဝါးစီးဆင်းမှုရဲ့ သက်ရောက်မှုကို တိုက်ရိုက်ခံနေရပါတယ်။ မူးယစ်မှောင်ခိုကွန်ရက်တွေဟာ ထိုင်းနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေကို အသုံးပြုပြီး ဒေသတွင်း ဖြန့်ချိမှုတွေ ပြုလုပ်နေကြပါတယ်။ထိုင်းနယ်စပ်မြို့တချို့မှာ မူးယစ်ဆေးသုံးစွဲမှုဟာ ၅ နှစ်အတွင်း သုံးဆအထိ တိုးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လမှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဘန်ကောက်မှာ တွေ့ဆုံခဲ့ပြီး ပထမဆုံးအကြိမ် ဒီပြဿနာကို ပူးပေါင်းဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။
ထိုင်းကျွမ်းကျင်သူတွေဟာUNODCနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ဘိန်းအစားထိုးသီးနှံတွေ စိုက်ပျိုးနိုင်ဖို့ ကူညီပေးနေပါတယ်။ သစ်သီးစိုက်ပျိုးရေးနဲ့ ရှမ်းပြည်နယ် တောင်ကြီးအနီးက ကျေးရွာတွေမှာ ကော်ဖီစိုက်ပျိုးရေး စီမံကိန်းတွေကိုလည်း အကောင်အထည်ဖော်နေပါတယ်။ ဒါပေမဲ့ လက်ရှိနိုင်ငံအခြေအနေမှာ ဒီလိုစီမံကိန်းတွေကို နိုင်ငံတဝန်း တိုးချဲ့ဖို့ကတော့ အလွန်ခက်ခဲနေဆဲ ဖြစ်ပါတယ်။
တဖက်မှာလည်းစစ်အာဏာရှင်တွေဟာဘိန်းကုန်သွယ်မှုကနေ အကျိုးအမြတ်ရနေကြောင်း၊ ၎င်းတို့လက်အောက်ခံအာဏာပိုင်အဖွဲ့တွေဟာလည်း မူးယစ်ဆေးဝါးကွန်ရက်များနဲ့ ပတ်သက်နေကြောင်း သက်သေအထောက်အထားတွေ၊ နိုင်ငံတကာအစီရင်ခံစာတွေက ထောက်ပြထားတာတွေ ရှိနေတာကြောင့် ဘိန်းကုန်သွယ်မှုကို အမှန်တကယ် တိုက်ဖျက်လိုစိတ် ရှိ၊ မရှိအပေါ် သံသယဖြစ်ပေါ်စေပါတယ်။
ဒါ့အပြင် အချို့နယ်စပ်ဒေသတွေမှာ နယ်မြေထိန်းချုပ်မှုကို စစ်တပ်နဲ့ ၎င်းတို့နဲ့ အပေးအယူလုပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားခွဲဝေထားရတာကလည်းမူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိုပိုမိုခက်ခဲစေပါတယ်။
ဒေသခံတိုင်းရင်းသား တောင်သူတွေအတွက်ကတော့ဘိန်းဟာအခြားသီးနှံတွေထက် ဝင်ငွေပိုရပြီး စိုက်ပျိုးရတာ စိတ်ချရတယ်လို့ ယူဆကြပါတယ်။ဘိန်းခြောက် တစ်ဟက်တာ ထွက်ရှိမှုဟာကော်ဖီထက် ၃ ဆလောက် ဝင်ငွေပိုမိုရရှိနိုင်ပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၅၈ ခုနှစ်ကတည်းက ဘိန်းစိုက်ပျိုးမှုကို ပိတ်ပင်ခဲ့ပေမဲ့ တောင်ပေါ်ဘိန်းစိုက်ခင်းတွေ ပျောက်ကွယ်သွားဖို့ နှစ်ပေါင်း ၅၀ နီးပါး အချိန်ယူခဲ့ရပါတယ်။ အောင်မြင်ရတဲ့ အဓိကအကြောင်းရင်း ကတော့ ထိုင်းနိုင်ငံမှာငြိမ်းချမ်းရေး၊အုပ်ချုပ်ရေးစနစ်နဲ့ငွေကြေးအရင်းအမြစ်တွေ ရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ အဲဒီအရာနှစ်ခုလုံး မရှိသေးပါဘူး။ နိုင်ငံတဝန်းဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်၊ ဆင်းရဲမွဲတေမှုနဲ့ အုပ်ချုပ်သူအာဏာပိုင်အဖွဲ့များအပြင် ၎င်းတို့နှင့် ဆက်နွယ်နေတဲ့ အင်အားစုများရဲ့ ပါဝင်ပတ်သက်မှုတွေကြောင့် ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးကွန်ရက်တွေ ဘယ်အထိ ဆက်လက်ကျယ်ပြန့်လာမလဲဆိုတာဟာ မြန်မာနိုင်ငံအတွက်သာမက အိမ်နီးချင်းနိုင်ငံတွေ အတွက်ပါ ကြီးမားတဲ့ စိုးရိမ်စရာတစ်ခုအဖြစ် ဆက်ရှိနေပါတယ်။
ကိုးကား –
• The Economist
• United Nations Office on Drugs and Crime (UNODC) Myanmar Opium Survey
• International Crisis Group (ICG)

















































