စက်တင်ဘာ -၁၃၊၂၀၂၆။ဇော်၀င်း/People’s Spring
ရှမ်း-ကရင်နီပြည်နယ်အစပ်က မိုးဗြဲမြို့အနီးမှာ စစ်တပ်စစ်ကြောင်း ထိုးလာတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က လူထုနွေဦးကို ပြောပါတယ်။
မိုးဗြဲမြို့ကနေ အနောက်ဘက်ခြမ်း လွယ်ယင်းတောင်ခြေကို စစ်တပ်က စစ်ကြောင်းထိုးလာတာဖြစ်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။
“လွယ်ယင်းမင်္ဂလာရွာဘက်မှာ စခစစ်ကြောင်းရောက်နေတယ်။မနေ့က တိုက်ပွဲ ဖြစ်တယ်။ကိုယ့်ဘက်က အဖိတ်အစင် တစ်ယောက်ရှိတယ်”လို့ ရှမ်းတောင်စစ် ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က လွယ်ယင်းမင်္ဂလာကျေးရွာကတဆင့် နန်းမယ်ခုံမြို့ ဆင်တောင်ကျေးရွာအထိ ခြေကုပ်ယူပြီး မိုးဗြဲ-နန်းမယ်ခုံလမ်းမကြီးကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အခုတစ်ကြိမ်အပါအ၀င် ၃လအတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှု ၄ကြိမ်ရှိခဲ့ပါတယ်။ ၃ကြိမ်မှာ ထိခိုက်သေဆုံးမှုတွေကြောင့် စစ်တပ်ဟာ မိုးဗြဲမြို့ကို ပြန်ဆုတ်ခွာခဲ့ရပါတယ်။
“လွယ်ယင်းတောင်ခြေ ဆင်တောင် နန်းမယ်ခုံ တကြောထဲ။အဲဒီတကြောနဲ့မိုးဗြဲမြို့ကြားမှာ ဖါလိုင်ရွာရှိတယ်။သူတို့က ဖါလိုင်ကိုရချင်တာ ဖါလိုင်ရရင် နန်းမယ်ခုံကို နီးပြီ။ဖါလိုင်ကိုမရတော့ မိုးဗြဲအနောက်ဘက် လွယ်ဝိုင်းနဲ့ လွယ်ယင်းဘက်ကို ပတ်ထိုးနေတာ”လို့ မြေပြင်သတင်းရင်းမြစ်က စစ်တပ်စစ်ကြောင်းထိုးနေတဲ့ အခြေအနေကို ရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးပတ်က အင်အား ၁၅၀နဲ့ ၂၀၀ နီးပါးနဲ့ စစ်တပ်က လွယ်ယင်းတောင်ခြေကို ချဉ်းကပ်ဖို့ထိုးစစ်ဆင်ခဲ့ပြီး ဒရုန်း၊ လက်နက်ကြီးပစ်ကူတွေနဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုတွေပါ လုပ်ခဲ့ပေမယ့် ထိခိုက်သေဆုံးသူများတာကြောင့် ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်က ထိခိုက်သေဆုံးသူ ၁၀ ဂဏန်းထက်မနည်းရှိပြီး ရဲဘော်တချို့ ဒဏ်ရာရခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်MBPDF က ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ်တပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ်လယ်ပိုင်းက ပြန်ထိန်းချုပ်ခဲ့ပေမယ့် မြို့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။
ဒါပေမယ့် မိုးဗြဲမြို့အနီးက နန်းမယ်ခုံမြို့ကို တော်လှန်ရေးတပ်တွေက ၂၀၂၃ နှစ်ကုန်ပိုင်းကစပြီး ထိန်းချုပ်ထားတာဖြစ်ပါတယ်။

















































