စက်တင်ဘာ-၁၄ ၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။
တစ်ရက်ကို ရေနံစည် ထောင်ဂဏန်း၀န်းကျင်ထွက်တဲ့ အဲဒီ ရေနံမှော်တွေထဲက လုပ်ကွက်တွေနဲ့အနီးဆုံး တဲကြီးကျေးရွာမှာ ရက်၂၀ကြာအထိုင်ချတပ်စွဲထားတဲ့ စစ်တပ်က ရေနံတွင်းလုပ်ကွက်တွေကို မိုင်းခွဲ ဖျက်ဆီးတာနဲ့ မီးရှို့တာတွေ လုပ်နေတာလို့ ဆိုပါတယ်။
“စစ်ကြောင်းကတော့ ရေနံမြေကို မရမက ဖျက်မယ်လို့ ထင်တယ် ။အခုလည်း သူတို့(စစ်ကြောင်း) အတော်အထိနာနေပါတယ်”လို့ မြိုင်မြို့နယ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
Well-1နဲ့ ဝဲတူး Well-2 ရေနံမြေကို ခေတ်အဆက်ဆက် အစိုးရက ထိန်းချုပ်ပြီး မိသားစုတစ်ပိုင်တစ်နိုင် ၊ ကန်ထရိုက်စနစ်တွေနဲ့ ရေနံတူးဖော်လုပ်ကိုင်ကြပြီး အာဏာသိမ်းပြီးနောက် ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ကာ လုပ်ငန်တွေဆက်လည်ပတ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးရှိနေကာ စစ်တပ်စစ်ကြောင်း ရွေ့လျားမှုအပေါ်မူတည်ပြီး မြေပြင်တိုက်ပွဲတွေလည်းရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်တွေရဲ့ အရင်းအမြစ်ဖြစ်တဲ့ ရေနံမှော်တွေကို ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ဇွန်လဆန်းပိုင်းကစပြီး အင်အား ၅၀၀ ၀န်းကျင်နဲ့ စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။
ဝဲလ်ဝမ်း၊ဝဲလ်တူးရေနံမြေအပါအ၀င် ပေါက်နဲ့မြိုင် ဒေသအစပ်က ရေနံမှော်တွေကို ၂၀၂၄ မတ်လက တည်းက ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိတိုက်ပွဲတွေအတွင်းမှာလည်း စစ်တပ်စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးထားပါတယ်။
စစ်တပ်စစ်ကြောင်းဟာ ၃လအတွင်း ကျေးရွာ ၁၀ ရွာထက်မနည်း မီးရှို့ခဲ့တာကြောင့် နေအိမ်အလုံး ၃၀၀ ကျော် ပျက်စီးခဲ့ပြီး အရပ်သားပြည်သူ ၃၀ နီးပါးကို သတ်ဖြတ်ထားပါတယ်။
ဒါ့အပြင် လက်ရှိစစ်တပ်တပ်စွဲထားတဲ့ တဲကြီးရွာအပါအ၀င် ရေနံမြေ၀န်းကျင် မြိုင်မြို့နယ်အနောက်ခြမ်းကျေးရွာတွေက ပြည်သူ တစ်သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ အရပ်ဘက်စစ်ရှောင်ကူညီရေးအဖွဲ့တွေရဲ့စစ်တမ်းအရ သိရပါတယ်။


















































