စက်တင်ဘာ ၁၄၊၂၀၂၆။ဇော်ရမ်း/People’s Spring
ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ စက်တင်ဘာ ၁၀ရက် ညက ဖြစ်ခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်က သတင်းမထွက်အောင် ဖုံးထားတယ်လို့ အင်းတော်ကြီးဒေသခံတစ်ဦးကပြောပါတယ်။
” လုံးတုံနဲ့ မိုင်းနောင်ရွာက SNA တပ်သားတွေ အချင်းချင်းဖြစ်တာ။ အရက်မူးတာလား၊ မူးယစ်ဆေးသုံးတာလားမသိဘူး။ လက်ပစ်ဗုံးခွဲပစ်လို့ ၅ယောက် ပွဲချင်းပြီး သေတယ်။ ၂ယောက်က မြစ်ကြီးနားဆေးရုံပို့ရတယ်”လို့ အင်းတော်ကြီးမြို့ ထွေအုပ်ရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

Public Service Announcement
နောက်ထပ်ဒေသခံတစ်ဦးကလည်း ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ မိုင်းနောင်သားနဲ့ လုံးတုံးသား အချင်းချင်း လက်ပစ်ဗုံးအတူခွဲစားကြတယ်လို့ လူမှုကွန်ရက်ပေါ်တင်ပြီး နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။
” စစ်တပ်ကရော SNA ကပါ သတင်းကို လိုက်ပိတ်နေတာ။ တင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်တာတွေရှိနေတယ်”လို့ မိုင်းနောင်ရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး SNA က သတင်းထုတ်ပြန်ထားခြင်းမရှိသေးသလို အသေးစိတ်ကိုမေးမြန်းဖို့အတွက် ဆက်သွယ်လို့လည်းမရသေးပါဘူး။
ဂျိတ်လင်းစစ်ဆေးရေးဂိတ်ဟာ အင်းတော်ကြီး-ဖားကန့်လမ်းပေါ်က လုံးတုံစစ်ဆေးရေးဂိတ်အနီးမှာရှိပြီး မူလက ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF တပ်စွဲခဲ့တဲ့ဂိတ်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်မှာ စစ်တပ်နဲ့ ရှမ်းနီတပ်က လေကြောင်းပစ်ကူနဲ့တိုက်ခိုက်ပြီး ပြန်သိမ်းယူထားတာလို့ ဒေသခံတွေက ပြောပါတယ်။
“တစ်လှည့်စီ တပ်စွဲနေတဲ့ ဂိတ်ပဲ။ အခုကတော့ SNA က ထိုင်ထားတယ်။ လက်ရှိစစ်ရေးအခြေအနေကတော့ ငြိမ်နေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
SNA ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး တော်လှန်ရေးအင်အားစုတွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းကတိုက်ပွဲတွေမှာ စစ်တပ် စစ်ကြောင်းတွေနဲ့အတူ SNA တပ်တွေလည်း ပါဝင်နေပါတယ်။
အင်းတော်ကြီးမြို့ဟာ မိုးညင်းမြို့နယ်မှာပါဝင်ပြီး ဖားကန့်မြို့နယ်နဲ့လည်း ဆက်စပ်နေပါတယ်။ လက်ရှိမှာ မြို့ပေါ်ကိုထိန်းချုပ်ထားတဲ့ စစ်တပ်နဲ့ SNA က ဒေသခံလူငယ်တွေကို စစ်မှုထမ်းအတွက်လူသစ်စုဆောင်းဖမ်းဆီးတာတွေ ဆိုးရွားနေတယ်လို့ဒေသခံတွေက ပြောပါတယ်။


















































