စက်တင်ဘာ-၁၆၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်ကိုင်းတိုင်း၊ ခန္တီးမြို့မှာ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းသွားတဲ့ အရပ်သား ၁၀၀ ကျော်အနက် အချို့မှာ ကျပ်သိန်းရာချီပေး အာမခံနဲ့ရွေးယူခဲ့ရကာ ကျန်သူတွေ ၂လနီးပါးကြာတဲ့အထိလွတ်မြောက်လာခြင်းမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ခန္တီးမြို့နယ် မှန်ပင်ကျေးရွာနဲ့ရွှေမြင့်မိုရ်ရွာက အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင်အရပ်သား ၁၂၀ ခန့်ကို ဇူလိုင်၂၉ရက်မှာ ENNO အဖွဲ့က ဖမ်းဆီးသွားခဲ့တာပါ။ဖမ်းဆီးသွားပြီးနောက် ရက်အနည်းငယ်အကြာမှာ အမျိုးသမီးအချို့နဲ့ သက်ကြီးရွယ်အိုအချို့ပဲ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဖမ်းထားတာ ၁၀၀ ကျော်တယ်။ နည်းမျိုးစုံလိုက်ထုတ်တော့ တချို့ ပြန်ရတယ်။ တစ်ယောက်ကို သိန်း ၃၀၀ လောက်ပေးရတယ်။ ငွေမရှိလို့ အာမခံနဲ့ ပေးရတာတွေလည်း ရှိတယ်။ အခုဆိုရင် လုံးဝပြန်လွတ်မလာတဲ့သူတွေ အဆက်အသွယ်ပြတ်သွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူတွေထဲမှာ ခန္တီးမြို့နယ်ကိုရောက်ရှိနေတဲ့ ရွှေ့ပြောင်းလုပ်သားတွေအပြင် ရှမ်းနီနဲ့ နာဂတိုင်းရင်းသားလူငယ်တွေ ပါဝင်ပါတယ်။ ENNO က ဖမ်းဆီးသွားတဲ့ အရပ်သားတွေကိုပြန်လွှတ်ပေးဖို့ နာဂရိုးရာ စာပေနှင့်ယဉ်ကျေးမှုဗဟိုနဲ့ ရှမ်းနီအမျိုးသားများညီညွတ်ရေးကောင်စီ(SNUC)တို့က ဇူလိုင် ၃၁ရက်နဲ့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။
ENNO ကတော့ ဖမ်းဆီးသွားတဲ့အရေအတွက်ကို မဖော်ပြဘဲ အမျိုးသားရေးအတွက်တပ်ဖွဲ့ဝင်စုဆောင်းတာဖြစ်ကြောင်းနဲ့ လွှတ်သင့်တဲ့သူတွေကိုလွတ်ပေးမယ်လို့ ဩဂုတ် ၂ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ အခုလိုဖမ်းဆီးမှုဟာ စစ်တပ်နဲ့ တိုင်ပင်ပြီးလုပ်ဆောင်ခဲ့ပုံရတယ်လို့လည်း ဒေသခံတွေက သံသယရှိနေကြပါတယ်။
ခန္တီးမြို့မှာ စစ်တပ်က ခလရ (၂၂၉)၊ ခလရ(၅၂)၊ ခလရ(၃၄၇)တပ်ရင်းအပြင် ဗျူဟာလည်း ရှိပါတယ်။မှန်ပြင်ကျေးရွာဟာ ခန္တီးမြို့ပေါ်နဲ့ ၅မိုင်ခန့်သာဝေးပြီး ခလရ(၂၂၉)တပ်ရင်းနဲ့လည်း အလှမ်းမဝေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ENNOအဖွဲ့က စစ်တပ်နဲ့ အကျိုးစီးပွား ဆက်စပ်နေတာ။ ဒါကြောင့် စစ်တပ်ကလည်း ရပ်ကြည့်နေတာပဲ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization -ENNO )ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။
သီးခြားရပ်တည်နေတဲ့လက်နက်ကိုင်အဖွဲ့ ဖြစ်သလို စစ်တပ်ကိုတိုက်ခိုက်တဲ့တိုက်ပွဲတွေ ဖော်ဆောင်တာမတွေ့ရဘဲ လုပ်ငန်းရှင်တွေဆီကနေ အခွန်ငွေတောင်းယူနေတာနဲ့ လူငယ်တွေကိုဖမ်းဆီးနေတာတွေမကြာခဏပြုလုပ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။
ENNOဟာ ပြီးခဲ့တဲ့၂၀၂၃ တုန်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်ဝင်နေတဲ့ နာဂလူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းဖူးလို့ အပြင်းအထန်ဝေဖန်ခံခဲ့ရဖူးပါတယ်။တပ်သားသစ်စုဆောင်းတာဟာမကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာမဟုတ်ဘဲ အမျိုး
သားရေးအလုပ်ကို နာဂလူငယ်တွေ နားလည်လာဖို့ လမ်းပြတာလို့ ENNO တာဝန်ရှိသူက သတင်းမီဒီယာအချို့ကို ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒေသခံတွေကတော့ ENNO ဟာ စစ်အာဏာရှင်တော်လှန်ရေးရော၊ဒေသအရေးပါ ဆောင်ရွက်ခြင်းမရှိဘဲ ဆတ်ကြေးကောက်နေတဲ့အဖွဲ့သာဖြစ်တယ်လို့ပြောကြပါတယ်။ENNOကို မေးမြန်းဖို့ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ခန္တီးမြို့နယ်မှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီတပ်( SNA)အပြင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN) အဖွဲ့တွေလည်း လှုပ်ရှားပါတယ်။ စစ်တပ်ကို ခုခံတိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ၊အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) အောက်ရှိ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF)နဲ့ နဲ့ KPDF တို့လည်း အခြေစိုက်ထားပါတယ်။


















































