Connect with us

Hi, what are you looking for?

သတင်း

ခန္တီးမှာ ဆယ်ကျော်သက်အမျိုးသမီးတွေအပါအဝင် ဒေသခံ ၇၀ခန့်ကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖမ်းဆီးသွား

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင် အရပ်သားတွေကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက People’s Spring ကို ပြောပါတယ်။

(အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO) တပ်ဖွဲ့ဝင်​တွေ ။ဓါတ်ပုံ-Mobile-1 ENDA)

ဇူလိုင်-၃၀၊ ၂၀၂၆။ ကဖေး/People’s Spring

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတချို့အပါအဝင် အရပ်သားတွေကို နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(ENNO)က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက People’s Spring ကို ပြောပါတယ်။

ENNO တပ်ဖွဲ့ဝင်တွေက ခန္တီးမြို့နယ် မှန်ပင်ကျေးရွာကို ဇူလိုင် ၂၉ရက် မနေ့ ည၉နာရီခန့်မှာဝင်ရောက်လာပြီး ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

“အိမ်တွေထဲကိုရော၊ ဝိုင်ဖိုင်ရှိတဲ့နေရာတွေ ပါဝင်ဖမ်းတာ။ ဆက်ကျော်သက် မိန်းကလေးတွေလည်းပါတယ်။ လူတွေကို ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ်ဝန်ဆောင်တစ်ဦးအပါအဝင် အမျိုးသမီးရှစ်ဦးထက်မနည်းနဲ့ စုစုပေါင်းဒေသခံ၇၀ခန့်ကို ဖမ်းခေါ်သွားတာလို့ ခန္တီးမြို့ဒေသခံတွေက ပြောပါတယ်။

“စစ်သားစုဆောင်းတာဖြစ်မယ်။ ငွေလိုချင်လို့ခေါ်သွားတာတော့မဖြစ်နိုင်ဘူး။ ငွေက သူတို့ခဏခဏကောက်နေတာပါ။ အခုက အဖမ်းခံရသူတွေအတွက် အရမ်းစ်ိုးရိမ်နေကြရတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

အရှေ့နာဂအမျိုးသားအဖွဲ့အစည်း(Eastern Naga National Organization-ENNO)ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နာဂလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်တဲ့တိုက်ပွဲတွေ ဖော်ဆောင်တာမတွေ့ရဘဲ လုပ်ငန်းရှင်တွေဆီကနေ အခွန်ငွေမကြာခဏတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဆတ်ကြေး ခဏခဏပေးရတယ်။ ရွှေတွင်းတွေဆိုရင်သိန်းရာချီပေးရတယ်။ အခုလို ဒေသတွေကိုအတင်းအဓမ္မဖမ်းတာကပြည်သူကို အနိုင်ကျင့်တာဖြစ်တယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒေသခံတွေကို ဖမ်းဆီးသွားတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ENNOကို မေးမြန်းဖို့ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။ ENNOဟာ ပြီးခဲ့တဲ့၂၀၂၃ခုနှစ်တုန်းကလည်း ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်ဝင်နေတဲ့ နာဂလူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းဖူးလို့ အပြင်းအထန် ဝေဖန်ခံခဲ့ရဖူးပါတယ်။

တပ်သားသစ်စုဆောင်းတာဟာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာမဟုတ်ဘဲ အမျိုးသားရေးအလုပ်ကို နာဂလူငယ်တွေ နားလည်လာဖို့ လမ်းပြတာလို့ ENNO တာဝန်ရှိသူက သတင်းမီဒီယာအချို့ကို ပြောခဲ့ဖူးပါတယ်။

ခန္တီးမြို့နယ်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီတပ်(SNA)အပြင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)အဖွဲ့တွေလည်း လှုပ်ရှားပါတယ်။ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)အောက်မှာ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF တို့လည်း အခြေစိုက်ထားပါတယ်။ ENNOကတော့ MOD အောက်ကိုမဝင်ဘဲ သီးခြားရပ်တည်နေတဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ENNOအနေနဲ့ လူထုထောက်ခံမှုကို ရချင်ရင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ လိုအပ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ခန္တီးမြို့မှာ တောင်ယာတဲတစ်ခုကို မိုးကြိုးပစ်လို့ ​ဒေသခံတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သတင်း

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland) တပ်ဖွဲ့ ၂ဖွဲ့ စစ်ရေးဆက်လက်တင်းမာနေပြီး ဒီနေ့မှာလည်း တိုက်ပွဲဖြစ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့(ဒီဇင်ဘာ ၁၅ရက်)မှာထုတ်ပြန်ပါတယ်။