ဇူလိုင်-၃၀၊၂၀၂၆။ကဖေး/People’s Spring
စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ အမျိုးသမီးနဲ့သက်ကြီးရွယ်အိုတချို့အပါအဝင် အရပ်သား ၇ဝခန့်ကို ဖမ်းသွားတဲ့ အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (ENNO)က နောက်ထပ် အရပ်သား ၅၀ခန့်ကို ထပ်မံဖမ်းဆီးသွားပြီး ဒီဖြစ်ရပ်အပေါ် စစ်ကောင်စီတပ်တွေက နိုင်ငံရေးအမြတ်ထုတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နာဂလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ENNOက ခန္တီးမြို့နယ် မှန်ပင်ကျေးရွာကို ဇူလိုင် ၂၉ရက် ည၉နာရီခန့်မှာ ဝင်ရောက်လာပြီး ဒေသခံ ၇၀ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒီနေ့ မနက်ပိုင်းမှာ ဒေသခံတွေက ပြောပါတယ်။
ညနေပိုင်းမှာ ထပ်မံရရှ်ိတဲ့ သတင်းအရ ရွှေမြင့်မိုရ်ရွာက ဒေသခံ ၅၀ခန့်ကိုပါ ထပ်မံဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
” နှစ်ရွာကို ဝင်ဖမ်းသွားတာ။ ဆက်ကျော်သက် မိန်းကလေး၊ ယောင်္ကျားလေး အများဆုံးပါတယ်။ အခုညအထိတစ်ယောက်မှ ပြန်မလွှတ်ဘူး။ မိဖတွေစိတ်အရမ်းပူနေကြပြီ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
အရှေ့နာဂအမျိုးသားအဖွဲ့အစည်း (Eastern Naga National Organization -ENNO )ဟာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ နာဂလက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်တပ်ကိုတိုက်ခိုက်တဲ့ တိုက်ပွဲတွေ ဖော်ဆောင်တာမတွေ့ရဘဲ လုပ်ငန်းရှင်တွေဆီကနေ အခွန်ငွေမကြာခဏတောင်းယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် လိုက်လံ နယ်မြေရှင်းလင်းရေးလုပ်ပေးမယ်လို့ စစ်တပ်က သတင်းလွှင့်ထားပြီး ဒီကနေ့ ဇူလိုင်လ ၃၀ရက် ညနေ ၄နာရီမှာ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
” စစ်တပ်က တကယ်လိုက်လုပ်ပေးတာ မဟုတ်ဘူး။ ဖြစ်တာက မနေ့ည ၉နာရီက ဖြစ်တာ။ တကယ်လိုက်ရင် ရတယ်။ အခုညနေ ၄နာရီမှ လိုက်သွားတာ။ တမင်ကို လွှတ်ပေးထားတာ”လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
ခန္တီးမှာစစ်တပ်ရဲ့ခလရ (၂၂၉)၊ခလရ(၅၂)
၊ ခလရ(၃၄၇)တပ်ရင်းအပြင် ဗျူဟာလည်း ရှိပါတယ်။
ဒေသခံအများဆုံးဖမ်းဆီးခံရတဲ့ မှန်ပြင်ရွာဟာ ခန္တီးမြို့ပေါ်နဲ့ ၅မိုင်ခန့်သာဝေးပြီး ခလရ(၂၂၉)တပ်ရင်းနဲ့လည်း အလှမ်းမဝေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ENNOအဖွဲ့ဟာ ချင်းတွင်းမြစ်အထက်ပိုင်း နန်းစီပွန် ကျေးရွာအထက်ဘက်မှာ တပ်စွဲအခြေချထားတာလို့ သိရပြီး အဲ့ဒီနေရာအထိ စစ်တပ်က မလိုက်ဘူးလို့ ဒေသခံတွေက ခန့်မှန်းပါတယ်။
” စစ်တပ်က နာမည်ကောင်းယူနေပြီဗျ။သူတို့ လိုက်ခေါ်ပေးမယ်ဆိုပြီး။လူထုကလည်း ဘယ်တိုင်လို့ တိုင်ရမှန်းမသိဘူး။ လူထုအရမ်းနစ်နာတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒေသခံတွေ ဖမ်းဆီးသွားတဲ့သတင်းနဲ့ပတ်သက်ပြီး ENNOက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားခြင်းလည်း မရှိသေးပါဘူး။ တပ်သားသစ်စုဆောင်းမှုအတွက် ဖမ်းဆီးသွားတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။။
ENNOဟာ ပြီးခဲ့တဲ့၂၀၂၃ တုန်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းခွင်ဝင်နေတဲ့ နာဂလူငယ်တွေကို ဖမ်းဆီးပြီး စစ်သားစုဆောင်းဖူးလို့ အပြင်းအထန်ဝေဖန်ခံခဲ့ရဖူးပါတယ်။တပ်သားသစ်စုဆောင်းတာဟာ မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းဆီးတာမဟုတ်ဘဲ အမျိုးသားရေးအလုပ်ကို နာဂလူငယ်တွေ နားလည်လာဖို့ လမ်းပြတာလို့ENNO တာဝန်ရှိသူက သတင်းမီဒီယာအချို့ကို ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒေသခံတွေကတော့ ENNO ဟာ စစ်အာဏာရှင်တော်လှန်ရေးရော၊ ဒေသအရေးပါ ဆောင်ရွက်ခြင်းမရှိဘဲ ဆတ်ကြေးကောက်နေတဲ့အဖွဲ့သာဖြစ်တယ်လို့ ပြောပါတယ်။ ENNOကို မေးမြန်းဖို့ကြိုးပမ်းပေမယ့် အဆက်အသွယ်မရသေးပါဘူး။
ခန္တီးမြို့နယ်မှာ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ ရှမ်းနီတပ်( SNA)အပြင် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN) အဖွဲ့တွေလည်း လှုပ်ရှားပါတယ်။ စစ်တပ်ကို တိုက်ခိုက်နေတဲ့တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD) အောက်မှာ ခန္တီးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နာဂပြည်သူ့ကာကွယ်ရေးတပ်(NPDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF တို့လည်း အခြေစိုက်ထားပါတယ်။
ENNOကတော့ MOD အောက်ကိုမဝင်ဘဲ သီးခြားရပ်တည်နေတဲ့ လက်နက်ကိုင်အဖွဲ့ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဆောင်ရွက်မယ့်အစီအစဉ်တွေကို ခန္တီးခရိုင် ပြည်သူ့ အုပ်ချုပ် ရေးအဖွဲဲ့နဲ့ကာကွယ်ရေးအဖွဲ့က မကြာမီသတင်းထုတ်ပြန်မယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကတဆင့် သိရပါတယ်။


















































