ဝဇီရာ/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ စစ်မှုထမ်းဝါဒဖြန့် “တောစီးဖိနပ်လေးရဲ့ အိမ်ပြန်ချိန်” ဇာတ်လမ်းတို မိတ်ဆက်ပွဲမှာ ဒါရိုက်တာ ပန်းချီစိုးမိုးနဲ့ မင်းသားနေအောင်တို့ရဲ့ အင်တာဗျူးဖြေကြားချက်တွေအပေါ် ပြည်သူတွေကလူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်။
မြေးဖြစ်သူကို နိုင်ငံခြားကိုကျောင်းသွားတက်ခိုင်းထားတဲ့ ဒါရိုက်တာ ပန်းချီစိုးမိုးဟာ စစ်မှုထမ်းတာဟာ ဂုဏ်ယူစရာကောင်းတယ်လို့ ပြောတယ်။ “စစ်မှုထမ်းကို ကြောက်တာမဟုတ်ဘူး။ စစ်မှုထမ်းကိုကြောက်အောင် လှူံဆော်နေကြလို့ ကြောက်တာ။ မလိုလားသော ပုဂ္ဂိုလ်များပေါ့။ နိုင်ငံ့အတွက် စစ်မှုထမ်းတာသည် ဂုဏ်ယူစရာကောင်းတယ်လို့ မမြင်ကြဘူး။ မြင်သွားရင် ကြောက်စရာမှ မလိုဘဲနဲ့။ တစ်ကမ္ဘာလုံးမှာ စစ်မှုမထမ်းရတဲ့နိုင်ငံမရှိဘူး။ အမေရိကားမှာလည်း ထမ်းတာပဲ။ တရုတ်ပြည်မှာလည်း ထမ်းတာပဲ။ ရုရှားမှာလည်း ထမ်းတာပဲ။ အိန္ဒိယလည်း ထမ်းတာပဲ။ ကိုရီးယားနာမည်ကြီး မင်းသား မင်းသမီးတွေလည်း ထမ်းတာပဲ။..ဒါမထူးဆန်းဘူး။ ဒီဟာပေါ်မှာ ဂုဏ်ယူတတ်ရင် စစ်မှုထမ်းခြင်းသည် ဂုဏ်ယူစရာကောင်းတယ်”လို့ ပြောဆိုခဲ့တယ်။ ပန်းချီစိုးမိုးက အာဏာသိမ်းစစ်တပ်လက်အောက်မှာ မင်းအောင်လှိုင်မိသားစုကိုချဥ်းကပ်ပြီး စစ်တပ်အလိုကြဝါဒဖြန့်ချီရေးတွေမှာတက်တက်ကြွကြွ လုပ်ရင်း ပရောဂျက်များစွာရနေသူပါ ။
အလားတူ သရုပ်ဆောင် နေအောင်ကလည်း “လူတွေက မြန်မာတစ်ပြည်လုံးပေါ့။ ကြောက်လို့ပြေးကြနိုင်ငံခြားပြေးကြနဲ့ အများကြီးပဲ။ ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးအတွက် အသက်မစွန့်ချင်ကြဘူးလား။ အသက်လည်း မစွန့်ခိုင်းပါဘူး။ ဒီမြေရယ်၊ ဒီရေရယ်၊ ဒီလေရယ်ရှုပြီး ဒီတိုင်းပြည်အတွက် ဘာမှအကျိုးမပြုရင် အဲဒီလူယောကျာ်း၊ အဲမိန်းမ ဘာဖြစ်သွားမှာတုန်း။ ကိုယ့်ဟာကို စဥ်းစားဖို့မေးတာနော်။ ကျွန်တော်မပြောဘူး။ ကျွန်တော်တို့ စစ်သား သားသမီး သတ်လည်းသေသွားမယ်။ စစ်တပ်မှားတယ်မှန်တယ် ကျွန်တော်မသိဘူး။ ယူနီဖောင်းမြင်ရင်ကိုချစ်တာလေ။ ဝင်ချင်တယ်ညီကိုနှစ်ယောက်လုံး။ မာမီကပေးမဝင်ဘူး”လို့ ပြောပြန်ပါတယ်။ နေအောင်ကလည်း စစ်သားမိသားစုကကြီးပြင်းလာတာမို့ စစ်တပ်ကျေးဇူးဆပ်မကုန်ဆိုပြီး အာဏာလုအုပ်စုအတွက် တက်တက်ကြွကြွဝါဒဖြန့်ပေးတဲ့ ဦးလေကြီးမှာ အဲဒီစစ်တပ်ကပေးတဲ့ ကြွေးတဲ့ငွေတွေ၊ထမင်းတွေဟာ ပြည်သူ့ဘဏ္ဍာတွေ ၊တိုင်းပြည်ရဲ့ရင်းမြစ်တွေသာဖြစ်တယ်ဆိုတာထိကို မမြင်နိုင်ဘဲ စစ်တပ်ကိုပဲအစဥ်အမြဲ ကိုးကွယ်နေသူပါ ။

Public Service Announcement
ဦးလေးတို့ခင်ဗျာ။ စစ်မှုထမ်းတာဟာ ပုံမှန်အားဖြင့် နိုင်ငံတော်ကို ကာကွယ်ဖို့ဖြစ်ပေမဲ့ လက်ရှိ မြန်မာနိုင်ငံမှာ စစ်မှုထမ်းရတာက နိုင်ငံတော်အတွက် လုံးဝ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်တပ်ကို ကာကွယ်ဖို့ပါ။ နိုင်ငံတော်ကို ကာကွယ်တာနဲ့ မိဘပြည်သူကို ဒုက္ခပေးနေတဲ့ စစ်တပ်ကို ကာကွယ်ပေးတာ မတူပါဘူး။ နိုင်ငံအတွက် စစ်မှုထမ်းရတာ ဂုဏ်ယူစရာ ဖြစ်နိုင်ပေမဲ့ ပြည်သူကို ပြန်ပစ်နေတဲ့ တပ်ထဲမှာ စစ်မှုထမ်းရတာကတော့ ဂုဏ်ယူစရာ လုံးဝမဟုတ်ပါဘူး။
ပိုဆိုးတာက ဒီစစ်တပ်က ၁၉၆၂ အာဏာသိမ်းပြီးချိန်ကနေ အခုချိန်ထိ တိုင်းရင်းသားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုတွေအခါခါကျူးလွန်ထားတဲ့စစ်အုပ်စုဖြစ်တယ် ၊အထူးသဖြင့် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်တာကစပြီး စာသင်နေတဲ့ကျောင်းသားငယ်တွေ၊တရားစခန်းက သံဃာတော်တွေ ၊စစ်ရှောင်စခန်းတွေက ကိုယ်ဝန်ဆောင်သယ်တွေ သက်ကြီးရွယ်ပါမရှောင်အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ ၊သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်သားတွေသာဖြစ်ပါတယ်။အခုလိုဘက်ပေါင်းစုံအကြပ်အတည်းဆိုက်ပြီးကျရှုံးနိုင်ငံဖြစ်အောင် စစ်အာဏာရှင်တွေခိုင်းတဲ့အတိုင်းလိုက်လုပ်တဲ့ တိုင်းပြည်ကို ဖျက်ဆီးနေတဲ့စစ်ရာဇဝတ်သားတွေသာဖြစ်ပါတယ် ။တိုင်းပြည်နဲ့ လူမျိုးကိုကာကွယ်တေသူတွေမဟုတ်ပါဘူး ။
ဦးလေးတို့နှစ်ယောက် အသက်က ၈၀ ပတ်ချာလည်တွေ။ ကိုယ်တိုင်လည်း ရှေ့တန်းသွားရမယ့် အသက် မဟုတ်တော့သလို၊ ကိုယ့်သားသမီး မြေးတွေလည်း စစ်မှုမထမ်းဘဲ ဂုဏ်ယူစရာလို့ လွယ်လွယ်မပြောစေချင်ပါ။ တကယ် ဂုဏ်ယူစရာလို့ ထင်ရင် ကိုယ့်သားသမီး၊ ကိုယ့်မြေးတွေကို အရင်ဆုံး စစ်တပ်ထဲ ပို့ပြစေချင်ပါတယ်။
ဦးစိုးမိုးက နိုင်ငံတကာက စစ်မှုထမ်းတာတွေ ထောက်ပြတယ်။ ဦးရေ။ ကိုရီးယားနဲ့ အမေရိကန်မှာ စစ်မှုထမ်းရင် သက်ဆိုင်ရာ နိုင်ငံက စစ်သည်တွေရဲ့ အသက်အန္တရာယ်၊ အခွင့်အရေးနဲ့ ဂုဏ်သိက္ခာကို အပြည့်အဝ အာမခံပေးတယ်။ ပြီးတော့ သူတို့က ပြည်သူလူထုက ရွေးချယ်ပေးထားတဲ့အရပ်သားအစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တာဝန်ထမ်းတဲ့ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကိုလေးစားတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ် ။ ဒီမှာက စစ်တပ်က အာဏာသိမ်းထားတာ။စစ်အာဏာရှင်တစ်စုရဲ့အကျိုးစီးပွားအတွက် ကိုယ့်ပြည်သူကိုပျော်ပျော်ကြီးသတ်ဖြတ်နေတဲ့စစ်တပ် ပါ။ ပြည်သူကိုကာကွယ်နေတဲ့ စစ်တပ်တွေနဲ့ ပြည်သူကို ပြန်သတ်နေတဲ့ မင်းအောင်လှိုင်သစ်တပ်က နှိုင်းယှဥ်လို့တောင်မရပါဘူး။
ပြီးတော့ စစ်မှုထမ်းတွေကို သက်ဆိုင်ရာမြို့နယ်တွေ ဒေသတွေမှာ လုံခြုံရေးသဘောလောက် ထားမယ်ဆိုပြီး ပြောထားပြီး အခုကျ သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့ပြီး အသေခံစစ်တိုက်ခိုင်းနေတာပါ။ တခြားနိုင်ငံက စစ်မှုထမ်းတာနဲ့ ယှဥ်လို့မရပါဘူး။ ဒါကိုမယုံဘူးဆိုရင် အခု ဧရာဝတီမြစ်ကြောင်းတိုက်ပွဲမှာ KIA ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကိုသွားကြည့်ပါ ။ ၄၉၂၆ စစ်ဆင်ရေးဆိုပြီး အာရက္ခတပ်တော် ချေမှုန်းတာခံနေရတဲ့ စစ်တပ်ရဲ့ စစ်သုံ့ပန်းတွေကို ကိုယ်တိုင်သွားမေးကြည့်ကြပါ ။ ပြည်သူ့စစ်တွေဘဝ ဘယ်လောက်ဆိုးတယ်ဆိုတာ မင်းအောင်လှိုင်နဲ့အတူ လူကြီးမင်းတို့ကိုပါ ကျိိန်စာတိုက်ပြီး ပြန်ပြောပေးကြပါလိမ့်မယ် ။
အခုဆိုရင် စစ်တပ်ဟာ ရှေ့တန်းကို တစ်ရာပို့ရင် အကြမ်းဖျင်း ရှစ်ဆယ်လောက်က စစ်မှုထမ်းတပ်သားသစ်တွေလို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ လပိုင်းကလေး သင်တန်းဆင်းပြီး ရှေ့တန်းမှာ အသေခံခိုင်းနေတာပါ။ ပြီးတော့ တိုက်နေရတာကလည်း တိုင်းတပါးက ကျူးကျော်စစ်လည်းမဟုတ်။ ကိုယ့်ညီအကိုချင်း ပြန်တိုက်ခိုင်းတာတွေ။
ဦးလေးတို့နှစ်ယောက်မှာ ပန်းချီစိုးမိုးက အသက် ၈၀ ကျော်။ နေအောင်ဆို ၇၆ နှစ်။ အနုပညာသမား စိတ်နှလုံးသား လှရတယ်တဲ့။ နှစ်ပေါင်းများစွာ ဘယ်လို နှလုံးသားတွေနဲ့များ အနုပညာအလုပ်တွေ လုပ်ခဲ့ကြပါလိမ့်။
ပန်းချီစိုးမိုးရဲ့ ငါသူတစ်ပါးယောကျာ်းမိန်းမဇာတ်ကားဆိုရင် ပရိသတ်တွေကသံဝေဂတွေရတဲ့အထိ ကြိုက်ခဲ့ကြတာပါ။နေအောင်ဆိုလည်း ကိုငြိမ်းမောင်ဇာတ်ရုပ်နဲ့ ဒီနေ့အထိ ပရိသတ်က တွဲဲမြင်ခဲ့ကြတယ်။ ဒါပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့စစ်တပ်ခိုင်းတာလုပ်ပေးနေတဲ့ ခင်ဗျားကိုပရိတ်သတ်တွေက အတော်လေးရွံရှာနေကြပါပြီ။
ပရိသတ်တွေဟာ ဦးလေးတို့အနုပညာတွေကို ခေတ်အဆက်ဆက် အဆင်မပြေတဲ့ကြားထဲကနေ အားပေးခဲ့ကြဖူးပါတယ်။ ပရိသတ်တွေအားပေးလို့ ဦးလေးတို့ အိမ်ကောင်းကောင်းနေနိုင်တယ်။ အစားကောင်းကောင်းစားနိုင်တယ်။ သားသမီးမြေးအထိ နိုင်ငံခြားပို့ စာသင်နိုင်တယ်။
အခု ဦးလေးတို့ကို အားပေးခဲ့ဖူးတဲ့ ပရိသတ်တွေဟာနေ့နေ့ညည ပူပင်သောကတွေနဲ့ ဖြတ်သန်းနေရတာပါ။ မြန်မာနိုင်ငံ သက်တမ်းတလျှောက်လုံး အဆိုးရွားဆုံး အခြေအနေနဲ့ ရင်ဆိုင်နေကြရတာပါ။ ဦးစိုးမိုးရေ။ ဦးစိုးမိုးမြေးလေး နိုင်ငံခြားမှာ ရုပ်ရှင်ပညာ အေးအေးလူလူသင်ခွင့်ရနေချိန် ကျနော်တို့တိုင်းပြည်မှာ ကျောင်းသွားတဲ့ကလေးကအစ ပေါ်တာဆွဲခံရသလို ၊စာသင်နေရင်း ဗုံးကြဲခံရလို့သေကြရတယ်ဗျာ။
ဦးနေအောင်ရေ။ သင်္ကြန်ရောက်တိုင်း ကိုငြိမ်းမောင်ကြီး မမထားနဲ့လွဲတာကို ခံစားနေတတ်တဲ့ အဒေါ်ကြီးလည်း သူ့သားပန်းရံလေး အလုပ်ကအပြန် ဖမ်းပြီးတပ်ထဲ ရောင်းစားခံရတယ်ဗျာ။ စိုင်းစိုင်းခမ်းလှိုင် သီချင်းတွေကို ကြိုက်ခဲ့တဲ့ အမျိုးသမီးတစ်ယောက် သူ့မောင်လေး အလုပ်ကအပြန် စစ်ကားပေါ် ခေါ်တင်ခံရတယ်ဗျာ။ သောကတွေများနေရတဲ့ အဲဒီပြည်သူတွေဟာ ဦးလေးတို့ရဲ့ ပရိသတ်တွေပါခင်ဗျာ။ ကိုယ့်ကိုထမင်းအိုးတည်ပေးခဲ့တဲ့ ပရိသတ်တွေမျက်နှာကိုလည်း တချက်လေး ကြည့်ပေးကြပါဦး။
ဦးလေးတို့နှစ်ယောက် အိမ်မှာတပ်ထားတဲ့မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်သံကြည့်တာ၊ နေ့စဥ်လာပို့တဲ့ မြန်မာ့အလင်း၊ ကြေးမုံ၊မြဝတီ သတင်းစာတွေဖတ်တာတွေ လျှော့စေချင်တယ်။ ရုပ်ရှင်ဒါရိုက်တာမဟုတ်တဲ့ မီးပွားက ဦးလေးတို့အိမ်ပေါ် ကျလာတော့မှ သိမယ်ဆိုရင် အတော်လေးနောက်ကျသွားပါလိမ့်မယ်။
လောလောဆယ်တော့ ကိုယ်အခြေအနေသိအောင် ပြည်သူတွေရဲ့ တုံ့ပြန်မှုလေးတွေကိုခဏအချိန်ပေးဖတ်ကြည့်လိုက်ကြပါဦ ။
“သေခါနီး ရိက္ခာယူသွားတာ ငါတို့လဲတုံးအပါ့ ဒီလူကိုအားပေးခဲ့ပြီး သေခါနီးမှ လူမဟုတ်မှန်းသိခဲ့ရတာ”
“သေခါနီးသူတပါးပျက်စီးအောင် ပြောတာ”
“အသက်ကြီးပြီး လူစိတ်မရှိတဲ့ဟာပေါ့ သူမိသားစု ထိမှ ကိုယ်ချင်းစာစိတ် ပေါ်မဲ့ဟာကြီးပါ”
ဒါတွေကတော့ စစ်မှုထမ်းရတာဂုဏ်ယူစရာပြောတဲ့ ပန်းချီစိုးမိုးအတွက် ပြည်သူအချို့ရဲ့ သတင်းစကားတွေပဲဖြစ်ပါတယ်။


















































