Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်သင်္ဘော ၂၀စီးနီးပါး ဖျက်ဆီးနိုင်ဟု KIA ပြော

ပျက်စီးသင်္ဘောကို ဆွဲခေါ်ပေးဖို့ လက်အောက်ငယ်သားက အသနားခံပေမဲ့ အရာရှိပါတဲ့ စစ်သင်္ဘောက ကိုယ်လွတ်ရုန်းမောင်းပြေး

(စစ်သင်္ဘောကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - Screengrab)

“အဘ ကျနော်တို့ကိုထိန်းခေါ်သွားပေးအုံး မျောနေလို့၊ နည်းနည်းလေးထိန်းခေါ်သွားရင်ကို ရပါတယ်အဘရာ။ ကြိုးလေးတမျှင်ဆိုရင်ဆိုရပါပြီ”

— ရေဝင်သင်္ဘောပေါ်က စစ်ကောင်စီတပ်ဖွဲ့ တာဝန်ရှိသူ

စက်တင်ဘာ ၁၇၊ ၂၀၂၆။မိုမို၊ထားမြတ်/People’s Spring

ကချင်ပြည်နယ်‌၊ ဗန်းမော်မြို့ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ဖျက်ဆီးခဲ့ရာ စက်တင်ဘာလအတွင်း သင်္ဘော ၂၀စီးနီးပါး ဖျက်ဆီးနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၁၆ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

စက်တင်ဘာ ၁၆ရက်က ရွှေကူကနေ ဗန်းမော်မြို့ကို ထပ်မံဆန်တက်လာတဲ့ သင်္ဘော ၃စီးအနက် ၁စီး တိုက်ခိုက်ခံရပြီး တိမ်းမှောက်နစ်မြုပ်ခဲ့တဲ့ အခြေအနေကို အသိပေးစဉ် KIAက ဖျက်ဆီးနိုင်ခဲ့တဲ့ သင်္ဘောအရေအတွက်ကို ဖော်ပြလာတာဖြစ်ပါတယ်။

မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရ KIA ပူးပေါင်းတပ်ဖျက်ဆီးနိုင်တဲ့ သင်္ဘောအရေအတွက်ဟာ ဩဂုတ် ၂၇ရက်က စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ်ဘက်ကို ဝင်ရောက်လာစဉ်ကတည်းက စက်တင်ဘာ ၁၆ရက်နေ့အထိ စစ်သင်္ဘော ထိခိုက်ပျက်စီးမှု စုစုပေါင်း ၂၅စီးထက်မနည်းရှိခဲ့တယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KIA သတင်းပြန်ကြားရေးဌာနရဲ့ စက်တင်ဘာ ၁၆ရက် ရေကြောင်း တိုက်ခိုက်မှုမှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆန်တက်တဲ့ သင်္ဘော ၁စီးတိမ်းမှောက်နစ်မြုပ်ကြောင်းဖော်ပြထားပါတယ်။ ဒါပေမဲ့ ဗန်းမော်မြို့ကနေ စုန်ဆင်းလာတဲ့ သင်္ဘောတွေတိုက်ခိုက်ခံရတာကို ဖော်ပြထားတာမတွေ့ရပါဘူး။

ကချင်စစ်ရေးသတင်းရင်းမြစ်အချို့ရဲ့ ပြောကြားချက်အရ စက်တင်ဘာ ၁၆ရက်မှာ ဗန်းမော်မြို့က စုန်စင်းလာတဲ့ သင်္ဘောတွေကိုလည်း တိုက်ခိုက်ခဲ့ရာ သင်္ဘော ၇စီး ထိခိုက်ခဲ့ပြီး အချို့ နစ်မြုပ် အချို့ တဝက်နစ်မြုပ်အနေအထားဖြစ်တယ်လို့ အသိပေးပါတယ်။

“ရေဝင်တဲ့သင်္ဘောတွေက မြုပ်တဲ့ကောင်က မြုပ်၊ မမြုပ်ဘဲ ဒီအတိုင်း တဝက်ပေါ် တဝက်မြုပ်တွေက အခုထိရှိသေးတယ်။ “ လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က စက်တင်ဘာ ၁၆ရက်ညပိုင်းမှာပြောပါတယ်။

ရေဝင်နစ်မြုပ်သင်္ဘောတွေပေါ်က စစ်ကောင်စီတပ်သားတွေဟာ စက်လှေအသေးတွေ အသုံးပြု ထွက်ပြေးတာရှိတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် တိုက်ခိုက်ခံရလို့ထိခိုက်သွားတဲ့ သင်္ဘောပေါ်က လက်အောက်ငယ်သားတွေက သူတို့ရဲ့ သင်္ဘောကို ထိန်းခေါ်သွားပေးဖို့ အရာရှိထံအသနားခံတဲ့ အသံဖိုင်ကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြလာတာ တွေ့ရပါတယ်။

“ အဘလွှတ်လိုက်ပြီလားမေးပေးပါအုံး မြန်မြန်လုပ်ကြပါအုံး။ အဘ ကျနော်တို့ကိုထိန်းခေါ်သွားပေးအုံး ဖလက်က မျောနေလို့၊ နည်းနည်းလေးထိန်းခေါ်သွားရင်ကို ရပါတယ်အဘရာ။ ကြိုးလေးတမျှင်ဆိုရင်ဆိုရပါပြီ။ နောက်က ဒရွတ်တိုက်ပါလည်း ရတယ်အဘ နည်းနည်းလေး စောင့်ပေးပါအုံး” လို့ ထိခိုက်ပျက်စီး သင်္ဘောပေါ်က စစ်တပ်က အထက်ရာရှိထံ အကြိမ်ကြိမ်တောင်းဆိုသံကို ကြားရပါတယ်။

“ ခဏလေး စောင့်ပေးပါအုံးအဘရာ ရှေ့မှာ ပစ်ခတ်မှုမရှိဘူး ဒီမှာတပည့်တွေက မျက်စိလည်နေပြီ။ ကြိုးလေးနဲ့ဆွဲရင်ရတယ်… ဘေးကနေ ပူးပြီး တွဲခေါ်စရာမလိုဘူး နောက်ကနေ ဒရွတ်တိုက် ဆွဲလာလိုက်လို့ရတယ် အဘ” လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်က အရာရှိထံထပ်မံ တောင်းဆိုထံကိုလည်း ကြားရပါတယ်။

စစ်ရေးသတင်းရင်းမြစ်ရဲ့ ပြောပြချက်အရ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရချိန် ခလရ(၂၃၇) တပ်ရင်းမှူးနဲ့ အင်အား ၇၀ ခန့်ပါ သင်္ဘောရေဝင်ချိန်မှာ တွဲကူအနေနဲ့ လိုက်ပါလာတဲ့ ခမရ(၃၂၀)တပ်ရင်းမှူး သင်္ဘောက ကြိုးဖြတ်ပြီး သင်္ဘောကို ချန်ခဲ့တာလို့ဆိုပါတယ်။

အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်း “ ဗျူဟာမှူးပါတဲ့ သင်္ဘောက ရွှေကူဘက် ဝင်သွားပြီ။ လေယာဉ်က အဆက်မပြတ်ကို ဗုံးကြဲနေတာ။ Y12 တွေရော ဂျက်ဖိုက်တာတွေရော ဇင်းဘုံ၊ ဝဲမကြီးဘက်မှာ ဆက်တိုက်ကို ဗုံးကြဲတော့ ကျနော်တို့လည်း ဘာမှ လုပ်လို့မရဘူး။ ဗန်းမော်က ဆင်းလာတဲ့ ၂စီးက ရွှေကူကို ဝင်သွားပြီ။အဲဒီမှာဗျူဟာမှူးပါတယ်လို့ပြောတယ်” လို့ ပြောပါတယ်။

စစ်တပ်ဟာ ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ဩဂုတ်လကုန်ပိုင်းမှာ သင်္ဘော ၁၅စီနဲ့ ကသာကနေ ရွှေကူကို ဝင်လာသလို စက်တင်ဘာ ဒုတိယပတ်မှာလည်း သင်္ဘော ၆စီး ထပ်မံပြီး ကချင်ပြည်နယ်ကို ဝင်ရောက်ခဲ့တာပါ။ ဒါ့အပြင် စစ်တပ်ဟာ ကချင်ပြည်နယ်အတွင်းရှိ အရပ်သားပိုင်သင်္ဘောတွေ ရေယာဉ်တွေကိုလည်း အသုံးပြုခဲ့တာလို့ ဆိုပါတယ်။

စစ်သင်္ဘော၊ တွန်းင်္ဘော၊ သံခွန်သင်းင်္ဘောတွေအပြင် စစ်တပ်ဟာ စပိဘုတ်ခေါ် အမြန်ရေယာဉ်ငယ်တွေလည်း အသုံးပြုခဲ့ပါတယ်။ စစ်သင်္ဘောတွေအပါအဝင် ရေယာဉ်မျိုးစုံ အသုံးပြုပြီး ကချင်ပြည်နယ်ကို စစ်အင်အားဖြည့်ဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို KIA ပူးပေါင်းတပ်က ရွှေကူ-ဗန်းမော်ကြားမှာ အဓိက တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ရွှေကူက ဆန်တက်တဲ့ သင်္ဘောတွေ၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းတဲ့ သင်္ဘောတွေ စုစုပေါင်း အစီး ၂၀ကျော်ကို တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ပြန်စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ဗန်းမော်နဲ့ ရွှေကူမြို့နယ်ကြား မြစ်ကြောင်းတလျှောက်မှာ ကြားဖြတ်တိုက်ခိုက်ရာ စက်တင်ဘာ ၁၄ရက် မနက်မှာ စစ်တပ်သင်္ဘော ၁စီး ထပ်မံတိုက်ခိုက်ခံရပြီး နစ်မြုပ်သွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။