စက်တင်ဘာ ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring
စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။
PDF ဇိုလဲန်း ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၈၀ လောက်ဟာ စက်တင်ဘာ ၁၃ရက်ညနေမှာ ကင်းစောင့်တွေကို တိုက်ခိုက်ပြီး လက်နက်အချို့နဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတာလို့ ဆိုပါတယ်။
အဲဒီလိုထွက်ပြေးသွားတာနဲ့ ပတ်သက်ပြီး ZFU/PDF Zoland က လိုအပ်သလို ဆက်လက် အရေးယူ ဆောင်ရွက်လျက်နေတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒေသခံတွေ အနေနဲ့ မိမိပတ်ဝန်းကျင် အနီးအနားမှ မသင်္ကာဖွယ်ရာ သူစိမ်းများ သိုမဟုတ် ဧည့်သည်များ တွေ့ရှိပါက PDF Zoland (Official page) သို့ သတင်းပေးပို့ဖို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ချင်းသတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ ထွက်ပြေး စစါသုံ့ပန်းတွေထဲက ထက်ဝက်ခန့်က စစ်တပ်ထံ ရောက်ရှိသွားပြီး သုံ့ပန်း ၂၀ဦးလောက်ကိုတော့ PDF ဇိုလဲန်းက ဖမ်းမိထားတယ်လို့ဆိုပါတယ်။PDF ဇိုလဲန်းရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ စစ်သုံ့ပန်းတွေ ပြန်လည်ဖမ်းမိတာရှိမရှိနဲ့ စစ်တပ်ထံ ပြန်ရောက်သွားတာရှိမရှိ အခြေအနေတွေ ဖော်ပြမထားပါဘူး။
အဲဒီ သတင်းအချက်အလက်တွေနဲ့ပတ်သက်ပြီး PDF ဇိုလဲန်း တာဝန်ရှိသူ အချို့ထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
PDF ဇိုလဲန်း တပ်ဖွဲ့ဟာ တီးတိန်မြို့နယ်အခြေစိုက် တပ်ဖြစ်ပြီး ချင်းညီနောင်အဖွဲ့ဝင် ဖြစ်ပါတယ်။ အခု ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေဟာ ဖလမ်းမြို့သိမ်းတိုက်ပွဲနဲ့ တီးတိန်မြို့နယ် ကနေဒီတောင်တိုက်ပွဲ တွေမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေဖြစ်နိုင်တယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။


















































