စက်တင်ဘာ-၁၉၊၂၀၂၆။ထားမြတ်/People’s Spring
ကချင်ပြည်နယ်ရွှေကူမြို့ နဲ့ ဗန်းမော်မြို့ကြား စစ်တပ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိခိုက်ပျက်စီးခဲ့တဲ့ သင်္ဘောတွေပေါ်ကနေ ရေထဲမျောပါနေသူတွေကို လိုက်လံရှာဖွေကယ်တင်ခဲ့တာမှာ စစ်တပ်သင်္ဘောပေါ်ကနေ ဧရာဝတီမြစ်ထဲမျောပါပြီ မြစ်ကမ်းဘေးမှာ နှစ်ပါတ်ကျော် အစာမစားရတဲ့ စစ်တပ်မိသားစုဝင်ကလေးငယ်တဦးကိုကယ်တင်ခဲ့ပါတယ် ။
ရေထဲမျောပါပြီး ကမ်းဘေးတွေတောတွေမှာ တင်ကျန်နေတဲ့ သူတွေကို တော်လှန်ရေးရဲဘော်တွေက စက်လှေငယ်တစီးနဲ့ လိုက်လံရှာဖွေခဲ့ရာ မြစ်ကမ်းဘေးတခုမှာ ကလေးငယ်တဦးကို ရှာဖွေကယ်တင်နိုင်ခဲ့တာပါ။
“ငါ့တူ ကောင်းကောင်းဖြေနော် ဦးတို့က မင်းတို့ကိုလာကယ်တာ ဘယ်မှာရှိသေးလဲ” လို့တော်လှန်ရေးရဲဘော်ကမေးရာ တယောက်တည်းလို့ ကလေးငယ်က ဖြေပါတယ်။

Public Service Announcement
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ကလေးငယ်ကိုအစားအစာပေးစားခိုင်းပြီး၊ဓာတ်ဆားရည်တိုက်တာခဲ့တာ တွေ့ရပါတယ်။
အခြားကလေးငယ်တွေရှိသေးလားဟု မေးမြန်းရာ တယောက်တည်းလို့ ကလေးငယ်က ပြောပါတယ်။
“ဟိုမှာ မိန်းမတယောက်သေနေတာမင်းသိလား”လို့ထပ်မံ မေးမြန်းရာ ကလေးငယ်က မသိဘူးလို့ ပြောပါတယ်။
သင်္ဘောပေါ်က ခုန်ချပြီးပြေးတာလားဟု မေးမြန်းရာ ရေထဲမျောလာတာဟု ကလေးငယ်က ပြန်လည်ဖြေကြားပါတယ်။
“နှစ်ပတ်လောက်ကျော်ပြီ သားတယောက်တည်း” လို့လည်း ကလေးငယ်က ပြောပါတယ်။ ဘာမှမစားရဘဲ ရေပဲသောက်နေခဲ့ရတယ်လို့ကလေးငယ်ကပြောပါတယ် ။
တော်လှန်ရေးရဲဘော်တွေက ထွက်ခဲ့ကြ မင်းတို့ကို လာကယ်တာ ထွက်ခဲ့ကြလို့ အော်ဟစ်သံတွေကိုလည်း ကြားရပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကချင်စစ်ရေးသတင်းရင်းမြစ်က “အဲဒီကလေးက အဲဒီလိုပါလာတာ။ အများကြီးပဲ။ မြစ်ကမ်းဘေးမှာရော မြစ်အနောက်ဘက်ကမ်း အရှေ့ဘက်ကမ်းရွာတွေမှာကယ်တင်ထားတာအများကြီးပဲ။ တပ်မိသားစုဝင်တွေများတယ်”လို့ ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စက်တင်ဘာ ၂ရက်နေ့က ရွှေကူကနေ ဗန်းမော်ကို စစ်သင်္ဘောတွေ ဆန်တက်ခဲ့စဥ်မှာရော ၊ ဗန်းမော်ကနေ ရွှေကူကို ဆင်းလာတဲ့ စစ်တပ် သင်္ဘောတွေကိုရော KIAနဲ့ပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော တွေအပါအဝင် တွဲသင်္ဘောတွေ၊တွန်းသင်္ဘောတွေ စတဲ့ သင်္ဘောမျိုးစုံ အစီးရေများစွာပျက်စီးနစ်မြှပ်၊မီးလောင်ကျွမ်းခဲ့ပါတယ် ။
သင်္ဘောတွေ မီးလောင်ပျက်စီးရေနစ်မြှပ်တဲ့အခါစစ်သားတွေအပါအဝင် စစ်တပ်သင်္ဘောနဲ့ လိုက်ပါလာသူတွေ သေဆုံးထိခိုက်တာ၊ ရေထဲခုန်ချတာ၊ ရေထဲမျောပါတာတွေရှိခဲ့သလို သင်္ဘောကမ်းကပ်ပြီး လက်နက်ချ အညံ့ခံသူတွေလည်းရှိခဲ့ပါတယ်။
ရွှေကူ-ဗန်းမော်ကြား စင်းခန်းတံတားအနီး လက်နက်ချတဲ့ သင်္ဘော ၂ စီးပေါ်က စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၁၈ဦး၊ သင်္ဘောကြုံလိုက်လာတဲ့ အရပ်သား ၈ဦး၊ တပ်မိသားစုဝင် အမျိုးသမီး ၁၇ဦးနဲ့ လသားအရွယ်ကလေးငယ်တွေ ကို KIA ပူးပေါင်းတပ်က စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့ပါတယ်။ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ၁၅၁ဦး ရှိပြီး သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း KIAက အသိပေးပါတယ်။



















































