စက်တင်ဘာ – ၂၂ ၊၂၀၂၆
သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။
ချင်းမိုင်မှာရှိတဲ့ ချွမ်သောင် ခရိုင်ထဲက ဒွိုင်အန်ထနွန် အမျိုးသား ဥယျာဉ်ထဲမှာ pre-wedding ဓာတ်ပုံရိုက်ရင်း ကန့်သတ် လမ်းကြောင်းကနေ ကျော်ထွက်သွားပြီး Sphagnum ရှားပါး အပင်ငယ်တွေကို အဲဒီ မြန်မာ ခရီးသွား နှစ်ဦးက တက်နင်းခဲ့တာလို့ ဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ အဲဒီနှစ်ဦးရဲ့ ကိုယ်စားလှယ် တစ်ဦးက တာဝန်ရှိသူတွေဆီ ဆက်သွယ်လာကာ ကျူးလွန်မိခဲ့တဲ့ ကိစ္စကို ဝန်ခံပြီး ဒဏ်ငွေ ပေးဆောင်သွားခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဥယျာဉ်ထဲမှာ ရှားပါး မြေလျှောက်ပင်တွေ ရှိနေတဲ့ နေရာကို ကာကွယ်ဖို့အတွက် လူတွေ ဖြတ်သန်းသွားနိုင်မယ့် လမ်းကြောင်းတစ်ခုကို သေချာစီစဉ် ဖောက်လုပ်ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီ မြန်မာနှစ်ဦးကတော့ လမ်းကြောင်းရဲ့ အပြင်ဖက်ကို ၃ မီတာလောက်ထိ ထွက်ပြီး ဓာတ်ပုံရိုက်ရာက အပင်တွေကို တက်နင်းမိခဲ့တာလို့ ဆိုပါတယ်။
နောက်ပိုင်းမှာတော့ ဥယျာဉ်ဝန်ထမ်းတွေက အဲဒီနေရာမှာ လူတက်နင်းထားတဲ့ အထောက်အထားတွေကို တွေ့ရှိပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီး pre-wedding ဓာတ်ပုံရိုက်သူတွေ နင်းသွားခဲ့တာကို လုံခြုံရေး ကင်မရာ မှတ်တမ်းတွေအရ စစ်ဆေး တွေ့ရှိလာတာပါ။
နောက်တော့ ရဲတပ်ဖွဲ့ဆီ အသိပေး တိုင်ကြားခဲ့ကြပါတယ်။ လျှောက်လမ်း အပြင်ထွက်ပြီး အပင်တွေကို တက်နင်းမိနေသူ နှစ်ဦးကို တခြား ခရီးသွားဧည့်သည် တစ်ဦးကလည်း ဓာတ်ပုံရိုက်မိခဲ့တဲ့နောက် လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကိုလည်း ထိုင်းရဲတွေက ဆက်သွယ်ပြီး အချက်အလက်တွေ တောင်းခံခဲ့ပါတယ်။
ထိုင်းမှာ ခေါက်တောင်ရူစီ ရေညှိလို့ ခေါ်ဝေါ်တဲ့ မြေလျှောက်ပင်တွေဟာ ဒွိုင်အန်ထနွန် အမျိုးသား ဥယျာဉ်ထဲမှာ အလေးထား ထိန်းသိမ်းထားတဲ့ သဘာဝ အပင်မျိုးစိတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီသစ်ပင်တွေဟာ အရမ်းရှားပါးပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို ငွေကြေးနဲ့ တိုင်းတာ တွက်ချက်ဖို့တောင် ခက်ခဲကြောင်း ဥယျာဉ် တာဝန်ရှိသူတွေက ပြောပါတယ်။
ထိခိုက်ပျက်စီးမှု ဖြစ်ခဲ့တဲ့ မြေလျှောက်ပင်တွေရဲ့ ပြန်လည် ကောင်းမွန်လာမှု အခြေအနေကိုတော့ ဥယျာဉ်ရဲ့ ကျွမ်းကျင်ပညာရှင်တွေက အနီးကပ် စောင့်ကြည့်သွားမယ်လို့ သိရပါတယ်။
ကိုးကား – Thai PBS



















































