နိုဝင်ဘာ ၇၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလို့ နေအိမ်ရာနဲ့ချီ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုဝင်ဘာ ၆ ရက်၊ မနက်ပိုင်းက ပုလဲမြို့နယ်၊ ချောင်းကန်ကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းဟာ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေရာချီ ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“အိမ်ခြေများတယ်လို့ သိရတယ်။ ယင်းမာပင်နဲ့ပုလဲ ဆက်သွယ်ထားတဲ့လမ်းတလျှောက်က ရွာတွေကို စစ်ကြောင်းထိုးပြီး ပစ္စည်းတွေယူကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူကတော့ အိမ်ခြေ ၃၀ ကျော် ပျက်စီးတယ်လို့ ပြောပါတယ်။ “ပုလဲမြိူ့နယ်ကနေ ဆားလင်းကြီးမြို့နယ်ဘက်ကူးလားပြီး ကျိုင်းခမောက်ရွာကို ဘာတိုက်ပွဲမှ မရှိဘဲ မီးရှို့သွားတာ။အိမ်ခြေက ရာချီပြီးတော့ မရှိပါဘူး။ အိမ်ခြေ ၃၀ကျော်တော့ မီးရှို့ခံလိုက်ရတယ်”လို့ လူထုနွေဥိးကိုပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ကျေးရွာတွေက ပစ္စည်းတွေကို မကြာခဏ ဝင်ရောက်သိမ်းယူနေပြီး သိမ်းလာတဲ့ပစ္စည်းတွေကို ပုလဲမြို့ပေါ်က စစ်တပ်နဲ့ ယင်းမာပင်မြို့နယ်က စစ်တပ်တို့ ခွဲဝေယူနေကြောင်း ဒေသခံတွေက ပြောပါတယ်။
အဲဒီစစ်ကြောင်းကြောင့် ကျေးရွာတွေက ပြည်သူထောင်ချီ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရပါတယ်။
အောက်တိုဘာ ၃၁ ရက် ညနေ ၅နာရီကလည်း ဆားလင်းကြီးမြို့နယ်၊ ဒူးထောက်ကျေးရွာကို မုံရွာ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ တက်လာတဲ့ ပါရာမော်တာ ၂ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့ရာ မိသားစုဝင် ၄ ဦး ဒဏ်ရာရတဲ့အနက် ၁ ဦးသေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ စစ်ကိုင်းတိုင်းက စစ်ကိုင်းမြို့နယ်အနောက်ခြမ်းမှာလည်း စစ်ကြောင်းထိုး မီးရှို့တာတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်း စစ်ကိုင်းတိုင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပြီး ပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိခဲ့ပါတယ်။





















































