ဒေါ်နယ်လ်ထရမ့်နဲ့ လူချင်းတွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုလို့ ဗင်နီဇွဲလား ယာယီ သမ္မတက ပြောကြားခဲ့ပါတယ်။
ဗင်နီဇွဲလား ယာယီ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂတ်ဇ်ဟာ ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေ ညီလာခံ တက်ရောက်ဖို့ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ကို ရောက်နေချိန် စက်တင်ဘာ ၂၂ ရက်နေ့တုန်းက ထရမ့်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
နှစ်ဆန်းပိုင်းတုန်းက ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ထရမ့်ရဲ့ အမိန့်အရ ကရာဆက်စ် မြို့တော်ထဲထိ အမေရိကန် အထူးတပ်ဖွဲ့တွေက ဝင်ရောက် ဖမ်းဆီးခဲ့ပြီး ဒုတိယ သမ္မတဖြစ်တဲ့ ရိုဒရီဂတ်ဇ်က အစိုးရကို ဆက်လက် ဦးဆောင်နေတာပါ။
စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ ထရမ့်ရဲ့ ဖိတ်ကြားမှုအရ နယူးယောက်မှာရှိတဲ့ Lotte Palace ဟိုတယ်မှာ ရိုဒရီဂတ်ဇ်က သွားရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မာဒူရို ဖမ်းဆီးခံရမှု ဖြစ်စဉ်အပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ ပထမဆုံး တွေ့ဆုံမှု အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Public Service Announcement
ထရမ့်နဲ့ တွေ့ဆုံခဲ့တာဟာ သမိုင်းဝင် ဆွေးနွေးမှု တစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးကို ပိုမို အားကောင်းလာစေဖို့၊ စွမ်းအင်၊ သတ္တုတူးဖော်ရေးနဲ့ လုံခြုံရေး အပါအဝင် မဟာဗျူဟာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့နဲ့ တခြား အရေးကိစ္စတွေအတွက် အမြင်ဖလှယ်ခဲ့ကြောင်း ရိုဒရီဂတ်ဇ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ သူဟာ ထရမ့်နဲ့ အတူတွဲ ရိုက်ထားတဲ့ ဓာတ်ပုံကိုလည်း မျှဝေထားခဲ့ပါတယ်။
ဇွန်လ ၂၄ ရက်နေ့က ဗင်နီဇွဲလားမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးအပြီး အမေရိကန် အစိုးရရဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့ခဲ့တဲ့ အတွက်လည်း ထရမ့်ကို ကျေးဇူးတင်စကား ပြောခဲ့ကြောင်း ရိုဒရီဂတ်ဇ်က ဆိုပါတယ်။
ဗင်နီဇွဲလား သမ္မတနဲ့ တွေ့ဆုံချိန်မှာ ထရမ့်နဲ့အတူ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရို၊ ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်နဲ့ တခြား အမေရိကန် အစိုးရ အရာရှိတွေလည်း ရှိနေခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။
မာဒူရို အဖမ်းခံခဲ့ရတဲ့နောက်ပိုင်း ရိုဒရီဂတ်ဇ် ဦးဆောင်တဲ့ အစိုးရဟာ အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းပြီး ထရမ့်ရဲ့ တောင်းဆိုမှု အများအပြားကိုလည်း လက်ခံခဲ့ပါတယ်။
သူ့ရဲ့ UN အထွေထွေ ညီလာခံ မိန့်ခွန်းထဲမှာတော့ ထရမ့်က သူ့အစိုးရ ဖိအားပေးမှုကြောင့် ဗင်နီဇွဲလား နိုင်ငံရေး အကျဉ်းသားတွေ ရာနဲ့ချီ လွတ်မြောက်ခဲ့တဲ့အကြောင်း၊ နှစ်နိုင်ငံကြား ရေနံထုတ်လုပ်ရေး သဘောတူညီမှုတွေ ရရှိခဲ့တဲ့ အကြောင်းတွေကို ဂုဏ်ယူစွာနဲ့ ထည့်သွင်း ပြောဆိုသွားပါတယ်။
ကိုးကား: New York Post



















































