Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်ဟာ စစ်ပွဲတွေရဲ့ patient zeroလို့ UN မိန့်ခွန်းမှာ ဇီလန်စကီး ပြောကြား

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

ဓာတ်ပုံ - The New York Times

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ စစ်ပွဲတွေကို စတင်ဖြန့်ဝေ ဖန်တီးနေသူ တစ်ဦးဖြစ်တယ်လို့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စွပ်စွဲ ပြောကြားသွားပါတယ်။

ပူတင်ရဲ့ ကျူးကျော်စစ် ဆင်နွှဲမှုကြောင့် စတင်ခဲ့တဲ့ ရုရှား-ယူကရိန်း စစ်ပွဲဟာ ပဉ္စမမြောက်နှစ်ကို ဖြတ်သန်းနေပြီး လက်ရှိ အချိန်ထိ အဆုံးသတ်မယ့် အရိပ်အယောင် မမြင်ရသေးပါဘူး။ စက်တင်ဘာ ၂၃ ရက်နေ့က နယူးယောက်မှာရှိတဲ့ UN ဌာနချုပ်မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာတော့ ဇီလန်စကီးက ပူတင်ဟာ စစ်ပွဲတွေရဲ့ patient zero ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။ အဲဒီ ဝေါဟာရဟာ ကပ်ရောဂါ တစ်ခုကို သယ်ဆောင်လာပြီး ပထမဆုံး စတင်ကူးစက်စေတဲ့ လူနာကို ရည်ညွှန်းတာမျိုး ဖြစ်ပါတယ်။

လူတွေ ပိုသတ်နိုင်အောင်၊ ပိုင်နက်နယ်မြေတွေ ပိုပြီး သိမ်းယူနိုင်အောင် သူ့ကို ဘယ်သူက အကူအညီ ပေးနိုင်မလဲ ဆိုတာကို ပူတင်က အမြဲတမ်း ရှာဖွေနေကြောင်း၊ ကိုယ့်နိုင်ငံကို စီမံအုပ်ချုပ်ဖို့ထက် တခြားနိုင်ငံ တစ်ခုကို တိုက်ခိုက်ဖို့ အမြဲတမ်း ကြံစည်နေကြောင်း ဇီလန်စကီးက ဆိုပါတယ်။

သူက ပူတင်ကို စစ်ပွဲတွေနဲ့ ကင်းကွာပြီး တွေးကြည့်လို့ ရသလားလို့လည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ပူတင်ဟာ စစ်လိုလားမှုနဲ့ စစ်ပွဲတွေကို စတင်ဖြန့်ဝေပေးနေတဲ့ patient zero ဖြစ်ကြောင်း၊ စစ်ပွဲတွေ ပျံ့နှံ့ကူးစက်လာလေလေ၊ နာကျင်မှုတွေ၊ မတည်ငြိမ်မှုတွေ၊ အန္တရာယ် အသစ်တွေ၊ အကျပ်အတည်း အသစ်တွေ ကြီးထွားလာလေလေဖြစ်ကြောင်း ဇီလန်စကီးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပူတင်ကို စိတ်တိုင်းကျ လုပ်ချင်တာ လုပ်ခွင့်ရအောင် လွှတ်ထားသ၍ ကမ္ဘာပေါ်မှာ ရှိနေသူ တစ်ဦးချင်းစီအတွက်လည်း ပိုပြီး အန္တရာယ် ကြီးလာလိမ့်မယ်လို့ ဇီလန်စကီးက သတိပေးသွားပါတယ်။

ဒါ့အပြင် သူက ပူတင်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ နိုင်ငံပေါင်း ၄၇ ခုက စစ်သားတွေကို အသုံးချနေတယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။ အဲဒီထဲမှာ မြောက်ကိုရီးယား၊ ဂါနာ၊ အိန္ဒိယ၊ နီပေါ နိုင်ငံတွေရဲ့ နိုင်ငံသားတွေလည်း ပါဝင်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။ သိပ်မကြာခင်ကတင် မြောက်ကိုရီးယား စစ်သားနှစ်ယောက်ကို ဖမ်းဆီးရမိလို့ တောင်ကိုရီးယားဆီ လက်လွှဲပေးခဲ့ကြောင်း၊ အဲဒီလူတွေကို အရှင်ဖမ်းရတာ မလွယ်ကြောင်းလည်း ဇီလန်စကီးက ဆိုပါတယ်။

နောက်ပြီး ဆောင်းရာသီရောက်တိုင်း ရုရှားက ယူကရိန်းရဲ့ စွမ်းအင် ဖြန့်ဝေရေးဆိုင်ရာ အဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့သလို အခုနှစ်မှာတော့ ရုရှားကိုလည်း အဲဒီလို နည်းမျိုးနဲ့ ယူကရိန်းက တုံ့ပြန်နိုင်ခြေရှိကြောင်း ဇီလန်စကီးက သတိပေးသွားပါတယ်။

လာမယ့် ဆောင်းရာသီက အရမ်းခက်ခဲ ကြမ်းတမ်းမယ် ဆိုတာကို ယူကရိန်းက သဘောပေါက် နားလည်ထားကြောင်း၊ ဒါပေမဲ့ ရုရှားက အရင်လိုပဲ စွမ်းအင်နဲ့ အပူပေး စနစ်တွေကို တိုက်ခိုက်လာမယ်ဆိုရင် ယူကရိန်းလည်း ရွေးချယ်စရာ မရှိဘဲ တူတူညီညီ လက်တုံ့ပြန်မှာဖြစ်ကြောင်း၊ အဲဒီ နာကျင်မှုမျိုးကို ရုရှားကိုယ်တိုင်လည်း ခံစားကြည့်ဖို့လိုကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တစ်ညတည်းမှာတင် ဒရုန်းပေါင်း ၁၀၀၀ ကျော်ကို ယူကရိန်းက ရုရှားရဲ့ မြို့ကြီးတွေဆီ ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook