စက်တင်ဘာ-၂၅၊၂၀၂၆။ဇော်ရမ်း/People’s Spring
စစ်တပ်ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်က ရွှေဆိုင်တစ်ဆိုင် ဒီနေ့စက်တင်ဘာ ၂၅ရက် မနက်ပိုင်းမှာ ဓားပြတိုက်ခံရမှု ဖြစ်ခဲ့ပါတယ်။
ဒီကနေ့ မနက်၁၁နာရီခန့်မှာ ကျောက်မဲမြို့၊ရိုးမဘဏ်အနီးက ရွှေဆိုင်ကို အမျိုးသား ၂ဦးက ဓားပြတိုက်ပြီး ထွက်ပြေးသွားတာလို့ မြို့ခံတစ်ဦးကပြောပါတယ်။
“ကျောက်မဲကဓားပြမှုမကြာခဏဖြစ်နေတယ်။ ခဏခဏကြီးဖြစ်နေတာ။ တကယ်တော့ မြို့က စစ်ရေးအခြေအနေမထူးပေမယ့် နေလို့ထိုင်လို့မကောင်းဘူး”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ရက် မနက်ပိုင်းကလည်း ကျောက်မဲမြို့ဈေးအတွင်းက ရွှေဆိုင်တစ်ဆိုင်ဟာ ဓားပြတိုက်ခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်မှာ ဓားပြတိုက်ချိန်ဝင်ရောက်တားဆီးတဲ့သူတွေ သေနတ်နဲ့ပစ်ခံခဲ့ရပြီး ၂ ဦးဒဏ်ရာရခဲ့ပါတယ်။ ညနေပိုင်းမှာတော့ ဓားပြတိုက်သူ ၃ဦးစလုံးကို ဖမ်းမိခဲ့တယ်လို့သိရပါတယ်။
ဒီနေ့မနက်ဖြစ်ပွားတဲ့ ဓားပြတိုက်မှုနဲ့ပတ်သက်လို့အသေးစိတ်အခြေအနေကိုဆက်လက်မေးမြန်းနေဆဲဖြစ်ပါတယ်။
ကျောက်မဲမြို့ဟာ ၂၀၂၃ အောက်တိုဘာ၂၇ရက်ကစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်((TNLA)က သိမ်းယူခဲ့ပြီး ၂၀၂၅ အောက်တိုဘာမှာ စစ်တပ်ကပြန်လည်ထိန်းချုပ်သွားတဲ့ မြို့ဖြစ်ပါတယ်။ လက်ရှိအချိန်အထိ စစ်တပ်က မြို့ပေါ်မှာပဲ တပ်စွဲထားနိုင်သလို တရားဥပဒေစိုးမိုးရေးလည်း မလုပ်နိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။



















































