ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းမှာ နီပေါ ဝန်ကြီးချုပ်က တိဘက် ကုန်းမြင့်ဒေသနဲ့ နီပေါနိုင်ငံကြား ဖြစ်ပွားခဲ့တဲ့ တောင်ပေါ် ရေကြီးမှုကြီးဟာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးအတွက် သတိပေးမှု တစ်ခုလို့ ပြောကြားသွားပါတယ်။
သူက ပိုမို ပူနွေးလာတဲ့ ကမ္ဘာကြီးဟာ အဲဒီပြဿနာကို အဓိက ဖန်တီးသူတွေ မဟုတ်တဲ့ လူ့အဖွဲ့အစည်းတွေကို နစ်နာနေစေပြီး အခုအခါ သူတို့အတွက် အကူအညီတွေ အရေးတကြီး လိုအပ်နေကြောင်း စက်တင်ဘာ ၂၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။
ဩဂုတ်လ ၂၆ ရက်နေ့တုန်းက နီပေါ-တိဘက် နယ်စပ်၊ ဟိမဝန္တာ တောင်ခြေဒေသတွေမှာ ရေခဲမြစ်တစ်ခု ကျိုးကျတာကြောင့်လို့ ယုံကြည်ရတဲ့ တောင်ပေါ် ရေကြီးမှုတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် လူပေါင်း ၁၅၀၀ နီးပါးသေ၊ ၉၃၀၀ နီးပါး ဒဏ်ရာရပြီး ၆၂၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သေဆုံး၊ ပျောက်ဆုံးမှု အများစုကိုတော့ နီပေါနိုင်ငံဖက်ခြမ်းမှာ ကြုံတွေ့ခဲ့ပါတယ်။
UN မိန့်ခွန်းမှာတော့ နီပေါ ဝန်ကြီးချုပ် ဘာလန်ဒရာရှားဟ်က အခုဖြစ်ခဲ့တဲ့ ကိစ္စဟာ ဒေသတွင်းက ကြေကွဲစရာ ကိစ္စတစ်ခုသက်သက် မဟုတ်ကြောင်း၊ မေးခွန်းထုတ်သင့်တာက အဲဒီလို သတိပေးမှုကြီးရဲ့ အသံကိုရော ကမ္ဘာ့နိုင်ငံတွေက ကြားကြရဲ့လား ဆိုတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement
လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ဧဝရတ် တောင်ကြီးရဲ့ အရိပ်အောက်မှာ ကုလသမဂ္ဂ အကြီးအကဲက ရာသီဥတု ပြောင်းလဲမှုရဲ့ နောက်ဆက်တွဲ ကပ်ဘေးတွေအကြောင်း လူသားမျိုးနွယ်ဆီကို သတိပေးခဲ့ကြောင်း၊ ဒါပေမဲ့ ကမ္ဘာ့ခေါင်မိုးလို့ ခေါ်ဝေါ်တဲ့ ဒေသတွင်းက ပြည်သူတွေရဲ့ အသံတွေကို နီပေါက လူ့အဖွဲ့အစည်းတွေ၊ သိပ္ပံပညာရှင်တွေကပဲ ကြားရပြီး ကမ္ဘာကြီးကတော့ လုံလုံလောက်လောက် နားမစွင့်ခဲ့ကြောင်း သူက ဆိုပါတယ်။
ဒီအကြောင်းတွေကို သိပ္ပံနည်းကျ အထောက်အထားတွေနဲ့ အကြိမ်ကြိမ် တင်ပြနေခဲ့ကြပေမယ့်လည်း နိုင်ငံရေး ခေါင်းဆောင်တွေကတော့ အဲဒီ သတိပေးချက်တွေကို အကာအကွယ်မဲ့ လူထုရဲ့ တကယ်တမ်း လိုအပ်နေတဲ့ အတိုင်းအတာ၊ မြန်နှုန်းမျိုးနဲ့ အကူအညီတွေ လက်တွေ့ပေးအပ်နိုင်ဖို့တော့ ပျက်ကွက်ခဲ့ကြောင်း နီပေါ ဝန်ကြီးချုပ်က ဝေဖန်ခဲ့ပါတယ်။
ကမ္ဘာကြီးမှာ အပူကို သိုလှောင်စေတဲ့ ဖန်လုံအိမ် ဓာတ်ငွေ့တွေကို လူသားတွေရဲ့ စနက်ကြောင့် ထုတ်လွှတ်နေမှုရဲ့ ၀.၁ ရာခိုင်နှုန်း အတွက်သာ နီပေါက တာဝန်ရှိကြောင်း၊ နီပေါနိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှု စုစုပေါင်း ၉၉ ရာခိုင်နှုန်းကို ရေအားလျှပ်စစ်က ရရှိကြောင်းလည်း သူက ပြောပါတယ်။
ကိုယ်ဖန်တီးခဲ့တာ မဟုတ်တဲ့ အကျပ်အတည်းကြီးအတွက် နီပေါက အလွန်အကျွံ ကြီးကြီးမားမား ပေးဆပ်ခဲ့ရတာ ဖြစ်တယ်လို့ အသက် ၃၆ နှစ်သာ ရှိသေးတဲ့ နီပေါခေါင်းဆောင်က ဆိုပါတယ်။ နီပေါရဲ့ ရေခဲမြစ်တွေက ဆုတ်ယုတ်လာပြီး တောင်ကုန်းတောင်စောင်းတွေက မခိုင်မာတော့ကြောင်း၊ မြစ်တွေက ခန့်မှန်းရတာ ပိုခက်ခဲလာကြောင်း၊ အဓိက သဘာဝ ဘေးဆိုးကြီးတွေဟာ နှစ်ပေါင်းများစွာ အချိန်ယူ တည်ဆောက်လာတဲ့ တိုးတက်မှုတွေကို အချိန်မရွေး ဖျက်ဆီးဖို့ ခြိမ်းခြောက်နေကြောင်း သူက ပြောကြားခဲ့ပါတယ်။
သူက UNရဲ့ အထွေထွေ ညီလာခံ အနေနဲ့ ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး၊ ပြန်လည် တည်ဆောက်ရေးတွေမှာ ထိထိရောက်ရောက် ပါဝင် ဆောင်ရွက်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ ကနဦး ဆန်းစစ်မှုတွေအရ တောင်ပေါ်ရေကြီးမှုမှာ နီပေါရဲ့ ဆုံးရှုံးမှု တန်ဖိုးဟာ ဒေါ်လာ ၅ ဘီလီယံလောက် ရှိခဲ့ပြီး နိုင်ငံ GDPရဲ့ ၁၅ ရာခိုင်နှုန်း၊ နှစ်စဉ် အသုံးစရိတ် ဘတ်ဂျတ်ရဲ့ သုံးပုံတစ်ပုံလောက်နဲ့ ညီမျှကြောင်း နီပေါ နိုင်ငံခြားရေး ဝန်ကြီး ရှီဆာ ခါနဲလ်ကလည်း UNရဲ့ ရာသီဥတုဆိုင်ရာ ညီလာခံမှာ တင်ပြသွားခဲ့ပါတယ်။
သူက ဝန်ကြီးချုပ် ရှားဟ်ရဲ့ စကားအတိုင်းပဲ နီပေါမှာ ဖြစ်ခဲ့တာဟာ ဒေသတွင်းက သီးခြား ကပ်ဘေး တစ်ခုမဟုတ်ဘဲ ကမ္ဘာကြီးပေါ်က အကာအကွယ် မဲ့နေတဲ့ နိုင်ငံအများအပြားအတွက် သင်ခန်းစာယူ သုံးသပ်စရာ ကိစ္စတစ်ခုအဖြစ် ထောက်ပြသွားခဲ့ပါတယ်။
ကိုးကား: NBC


















































