စက်တင်ဘာ – ၂၇ ၊၂၀၂၆ /People’s Spring
မြန်မာနိုင်ငံတောင်ပိုင်း ၊ တနင်္သာရီတိုင်း ၊ ထားဝယ်ဒေသတဝှမ်းမှာ မိုးကြီးပြီးနောက်ရေကြီးရေလျှံမှုတွေနဲ့ တောင်ပြိုမှုတွေဖြစ်ပွားနေပြီးလူငါးဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ဒီနေ့ (စက်တင်ဘာ ၂၇ ) မှာထုတ်ပြန်ပါတယ်။
သေဆုံးသူတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့မဖော်ပြထားပါဘူး။
ထားဝယ်ဒေသက ကျေးရွာပေါင်း ၄၀ နီးပါးမှာ ရေကြီးနေပြီးတောင်ပြိုမှုတွေလည်းဖြစ်နေကာ အိမ်ခြေ ၂၀ ထက်မနည်းပြိုကျပျက်စီး ခဲ့တယ်လို့လည်း ထားဝယ်တော်လှန်ရေးအဖွဲ့အစည်းတွေစုစည်းထားတဲ့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ချက်မှာအသိပေးထားတာတွေ့ရပါတယ်။

Public Service Announcement
ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်နေတာ ၊အခြားသောအခက်အခဲတွေကြောင့် သဘာဝဘေးကြုံနေရတဲ့နေရာတွေရဲ့အခြေအနေအပြည့်အစုံကိုလက်ရှိမှာမရနိုင်သေးဘူးလို့လည်းဆိုထားပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကိုဆောင်ရွက်နိုင်ဖို့အတွက် စစ်အုပ်စုမဟုတ်တဲ့ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအဖွဲ့တွေ၊ ဒေသခံအဖွဲ့အစည်းတွေ နဲ့ပူးပေါင်းလုပ်ကိုင်ဖို့အသင့်ရှိတယ်လို့လည်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူသေဆုံးမှုအနေနဲ့ ကဒက်ငယ်ရွာတောင်ပြိုကျမှုဖြစ်စဉ်မှာ ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦး စုစုပေါင်း နှစ်ဦးရဲ့ ရုပ်အလောင်းတွေရရရှိထားပြီး သဗျာကျေးရွာ တောင်ပြိုမှုဖြစ်စဉ်မှာတော့ မြေးအဖိုးသုံးဦးပါသွားပြီးဆုံးပါးသွားတယ်လို့ တနင်္သာရီဖက်ဒရယ်ယူနစ်ဖော်ဆောင်ရေးကောင်စီ (TFUCC)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟိန်းထက်က သူရဲ့ဖေ့ဘွတ်ခ်ကမှာရေးသားအသိပေးထားပါတယ်။
ဒီနေ့ မနက်ပိုင်းမှာဆိုရင် လည်း လောင်းလုံးမြို့နယ်၊ထားဝယ်မြစ်အနီးက မင်းရပ်ရွာမှာတောင်ပြိုပြီး အမျိုးသမီးတစ်ဦးဆုံးပါးခဲ့ရပါတယ်။
ထားဝယ်ဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်း စက်တင်ဘာလ ၂၄ ရက်ကစတင်ကာမိုးကြီးခဲ့တာပါ။
ရေကြီးမှုနဲ့တောင်ပြိုတဲ့နေရာမှာတွေကယ်ဆယ်ရေးလုပ်ရာမှာမိုးသက်လေပြင်းနဲ့ကြုံရတာကြောင့် ခက်ခဲမှုရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
“ပိတ်မိတဲ့သူတွေကိုတော့ ကယ်ဆယ်ရေးတွေတက်နိုင်သလောက် ကယ်ထုတ်နေရတယ်” အဲဒီအဖွဲ့ဝင်က ဆိုပါတယ်။
လက်တလောမှာ လောင်းလုံမြို့နယ်ထဲက ကမြောကြီး၊ အင်းဝန်း၊ မင်းရပ်၊ ဝေဒီ၊ သဗျာ၊ ညင်းမော်၊ ကညုံကျွန်း၊ ကထောင်းနီ၊ ဂေါ့အင်း၊ ရေဖြူ၊ ကဒက်ကြီး၊ ကဒက်ငယ်၊ ကဒက်ငယ်ထိန်၊ တောကျဲ၊ သပြေရှောင်၊ သကျက်တော၊ ဇလွတ်၊ ကျောက်နီမော်၊ ညောပြင် စတဲ့ကျေးရွာတွေ ရေကြီးနစ်မြုပ်မှုတွေဖြစ်နေတာပါ။
လောင်းလုံးမြို့နယ်အောက်ပိုင်းက ရွာတွေဆီ အရေးပေါ်ကယ်ဆယ်ရေးအတွက် ထွက်ခွာခဲ့ကြပေမယ့်ကမြောကြီးရွာအနီးမှာရေကြီး နေတာကြောင့်ရှေ့ဆက်သွားမရဘဲပိတ်မိနေတယ်လို့ ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ( ထားဝယ်) ကလည်းအသိပေးထားပါတယ်။


















































