ပြင်သစ်နိုင်ငံမှာ ကျောင်းသားတွေရဲ့ ဆန္ဒပြပွဲတွေက အခြေအနေ ပိုမိုဆိုးရွား ပြင်းထန်လာပြီး အောက်တိုဘာ ၂ ရက်နေ့မှာတော့ ကျောင်းတချို့မှာ မီးရှို့မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ပြင်သစ်က စာသင်ကျောင်းတွေမှာ ပြင်ဆင်စရိတ်နဲ့ အစိုးရ ထောက်ပံ့မှုတွေ အားနည်းတာ၊ အိမ်သာနဲ့ တခြား အခြေခံ အဆောက်အအုံတွေ ယိုယွင်းတာ၊ သင်ကြားရေး ဝန်ထမ်းတွေ မလုံလောက်တာ၊ စာသင်ခန်းတွေ ပြည့်ကျပ်နေတာကို မကျေနပ်လို့ ဆန္ဒပြတဲ့ လှုပ်ရှားမှုဟာ အခုအခါ ပိုမိုကြီးထွားလာနေပါတယ်။ တစ်ဖက်မှာလည်း ပြင်သစ် အစိုးရက ကျောင်းသား ဆန္ဒပြပွဲတွေကို သဘောထား တင်းမာတဲ့ နည်းလမ်းတွေနဲ့ တုံ့ပြန် ကိုင်တွယ်နေတာကြောင့် အခြေအနေတွေက ပိုမိုဆိုးရွားလာတာ ဖြစ်ပါတယ်။
စက်တင်ဘာ လလယ်လောက်က ပါရီမြို့ ဆင်ခြေဖုံးမှာရှိတဲ့ ကျောင်းတစ်ကျောင်းက စတင်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ အခုတော့ နိုင်ငံနဲ့ချီ ကျယ်ပြန့်တဲ့ ကျောင်းသား လှုပ်ရှားမှုကြီး တစ်ခုအသွင် ဆောင်လာပါတယ်။ နိုင်ငံ အရှေ့ပိုင်းက စထရာဘိုးမြို့မှာ ကျောင်းသားတွေဟာ အဓိကရုဏ်း နှိမ်နင်းရေးရဲတွေ ပစ်ခတ်ထားတဲ့ မျက်ရည်ယိုဗုံး မီးခိုးငွေ့တွေ ကြားထဲမှာတင် လမ်းတွေကို ပိတ်ပြီး ခံတပ်တွေလို တည်ဆောက်ပြီး အာဏာပိုင်တွေကို တုံ့ပြန်နေပါတယ်။ လိုင်ယွန်နဲ့ တခြားမြို့ကြီးတွေမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြမှုတွေ ရှိနေပါတယ်။
အောက်တိုဘာ ၂ ရက်နေ့ထိ အခြေအနေအရ ပြင်သစ်မှာ ကျောင်းပေါင်း ၄၀၀ လောက်ကို ပိတ်ထားရဆဲဖြစ်ပြီး အောက်တိုဘာ ၁ ရက်နေ့ တစ်နေ့တည်းမှာတင် လူ ၂၀၀၀ ဝန်းကျင်လောက်ကို ထိန်းသိမ်းခဲ့ရကြောင်း ပြောပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်နေသူ အများစုဟာ ၁၅ နှစ်၊ ၁၆ နှစ်အရွယ် ကျောင်းသူကျောင်းသားတွေ ဖြစ်ပါတယ်။

Public Service Announcement
ကျောင်းသားတွေက ပြင်သစ်ရဲ့ ပညာရေး ကဏ္ဍဟာ အရင်းအမြစ် အကျပ်အတည်းတွေ ဖြစ်နေပြီး အလွန်အကျွံ ဝန်ပိနေကြောင်း ပြောပါတယ်။ စာသင်ခန်းတွေမှာ လူတွေ ပြည့်ကျပ်နေတာ၊ အလုပ်ထွက်သွားတဲ့ ဆရာဆရာမတွေ နေရာမှာ လူသစ် အစားမထိုးနိုင်တာ၊ ကျောင်းတွေရဲ့ အခြေအနေ ယိုယွင်းပျက်စီးနေတာတွေကို အပြင်းအထန် ဝေဖန်ထားပါတယ်။ တစ်ဖက်မှာတော့ ပြင်သစ် အစိုးရဟာ ဘတ်ဂျတ်လိုငွေ ပြမှုတွေကြောင့် ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍတွေကို လျှော့ချနေရသလို ကျောင်းသားတွေရဲ့ တောင်းဆိုမှုကို ဖြည့်ဆည်းပေးဖို့ မဖြစ်နိုင်သေးကြောင်း ငြင်းဆိုထားပါတယ်။
အောက်တိုဘာ ၂ ရက်နေ့မှာတော့ ကျောင်းတချို့မှာ မီးရှို့မှုတွေ ဖြစ်လာပြီး အခြေအနေတွေ ပိုဆိုးရွားလာသလို တရားရေးဝန်ကြီး ဂါရဲလ် ဒါမာနင်က ဒီအခြေအနေသာ ရှည်ကြာလာရင် ပြည်သူ့လုံခြုံရေး ကဏ္ဍကိုပါ ထိပါးလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ပြင်သစ် အစိုးရ အတွက်လည်း လက်ရှိ အနေအထားက ဘေးကျပ်နံကျပ်တွေ ဖြစ်နေပါတယ်။ အတိုက်အခံတွေက ကျောင်းသားတွေဖက်က ထောက်ခံပြီး အစိုးရကို ထိုးနှက်နေသလို ဆယ်ကျော်သက် ကျောင်းသားတွေကို ရဲတွေက အင်အားသုံး ကိုင်တွယ်နေတယ်ဆိုတဲ့ ပုံရိပ်က သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ အစိုးရအတွက် မကောင်းလှပါဘူး။ ကျောင်းတွေ ပိတ်ထားရတာကလည်း ကလေးတွေရဲ့ ပညာရေးကို ထိခိုက်လာစေမယ်လို့ မိဘတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒါ့အပြင် လာမယ့်သီတင်းပတ်ထဲမှာ တစ်နိုင်ငံလုံးက သမဂ္ဂတွေ စုပေါင်းပြီး ကျောင်းသားတွေကို ထောက်ခံတဲ့ ချီတက် ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့လည်း စီစဉ်နေပါတယ်။ တိကျတဲ့ ဖြေရှင်းမှု လမ်းကြောင်း မရှိသေးဘဲ အခြေအနေတွေက ပိုဆိုးလာနေတဲ့ အခြေအနေမှာတော့ အစိုးရဟာ ဆန္ဒပြပွဲတွေကို စာသင်ကျောင်းတွေကနေ တခြားကဏ္ဍတွေဆီ ကူးစက်မသွားအောင် အသည်းအသန် ကြိုးစားနေရဆဲပါ။
ပြင်သစ်က စာသင်ကျောင်းတွေနားမှာ လူစုလူဝေး မလုပ်ဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ခဲ့ပေမယ့် အဲဒီအမိန့်ကို လိုက်နာသူ နည်းလွန်းတယ်ဆိုတာ အောက်တိုဘာ ၂ ရက်နေ့မှာ ပိုပြီး မြင်သာလာစေပါတယ်။
ပညာရေးဝန်ကြီး အီဒူရတ် ဂျက်ဖရေးနဲ့ ကျောင်းသားမိဘတွေ၊ ကျောင်းဝန်ထမ်းတွေ ဆွေးနွေးခဲ့ကြတဲ့ နောက်မှာလည်း ကျောင်းသားတွေက ဆန္ဒဆက်ပြဖို့ ဆုံးဖြတ်ကြောင်း ကြေညာခဲ့ပါတယ်။
သမ္မတ မာခရွန်ကတော့ ရွေးကောက်ခံ ဥပဒေပြု အမတ်တွေ ကိုယ်တိုင်က အခြေအနေတွေက အဓိကရုဏ်းဆန်ဆန် ပြောင်းလဲလာတာကို လိုက်လျော ခွင့်ပြုထားကြောင်း ဝေဖန်ခဲ့ပါတယ်။
အောက်တိုဘာ ၁ ရက်နေ့မှာ ပါရီရဲတပ်ဖွဲ့က ရန်လိုပြီး ပြဿနာ ဖြစ်ချင်နေတဲ့ လူစုလူဝေးရဲ့ စိန်ခေါ်မှုကို ရဲအရာရှိတွေ ကြုံတွေ့ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။ ပြင်သစ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ အေဂက်သီ ဖူးကော့ထ်ကလည်း တချို့အခြေအနေတွေမှာ ရဲအရာရှိတွေ အနေနဲ့ မဖြစ်မနေ လိုအပ်ချက်ကြောင့် အတိုင်းအတာ တစ်ခုထိ အင်အားသုံးခဲ့ရကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: CNN



















































