အောက်တိုဘာ-၃၊၂၀၂၆။ခိုင်မြတ်/People’s Spring
စစ်တပ်ကဒီနေ့မနက်အစောပိုင်းမှာရသေ့တောင်မြို့ ပေါ်နဲ့ မြို့အနီးတဝိုက်ကျေးရွာတွေကိုY12 နဲ့ ဗုံးကြဲခဲ့တာကြောင့်ကျောင်းသူတဦးအပါအဝင် ၂ ဦးသေဆုံးပြီး ၁၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ကနဦးသတင်းရရှိပါတယ်။
အောက်တိုဘာလ ၃ ရက်၊မနက်၁နာရီကျော်အချိန်မှာရသေ့တောင်မြို့ပေါ် စိုက်ပျိုးရေးရုံးဝန်းကျင်၊ အရှေ့ တောင်ရပ်ကွက်၊ တောင်ရင်းတန်းရပ်ကွက်၊ ကမ်းနားလမ်းတလျှောက်နေရာတွေနဲ့ မြို့အနီးရှိ ပြားချောင်းကြီး၊ ပြင်ခေါင်ရွာတို့ကိုစစ်တပ်က Y-12 လေယာဥ်နဲ့ဗုံးအလုံးတဆယ်ကျော်ကြဲချခဲ့တာဖြစ်ပါတယ်။
“Y12အသံကိုယ်တိုင်ကကြောက်စရာကောင်းတယ်။တညလုံးမအိပ်နိုင်ဘူး။လယ်ကွင်းတွေမှာ သွားအိပ်သူအိပ် လုပ်နေရတယ်။ ညဆိုရင် လေယာဉ်ကလာပြီ။ နေ့တိုင်းလာပါတယ်အခုရက်ပိုင်း”လို့ ရသေ့တောင်မြို့အနီးနေထိုင်သူတဦးက ပြောပါတယ်

Public Service Announcement
ဗုံးကြဲမှုကြောင့် တောင်ရင်းတန်းရပ်ကွက်မှာ ကျောင်းလာတက်နေတဲ့ အသက် ၁၅ နှစ်အရွယ် ကျောင်းသူ မမိုးမိုးနွယ်နဲ့ ပြားချောင်းကြီးရွာမှ အသက် ၇၀ အရွယ် ဦးအောင်ကျော်သာတို့သေဆုံးခဲ့ပါတယ်။ဒါ့အပြင်မနက် ၁ နာ ရီခွဲလောက်မှာတော့ စစ်တွေမြို့နယ်နဲ့အစပ် ရသေ့တောင်မြို့နယ် အငူမော်ရွာကို ထပ်မံ ဗုံးကြဲခဲ့ပြီး အဲဒီရွာမှ ဒေသ ခံ ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။
“ချက်ချင်းသေဆုံးတာ၂ ယောက်၊ဒဏ်ရာရတာ ၁၂ ယောက်လို့စာရင်းရထားပါတယ်။ စာရင်းသေချာမလုပ်နိုင်သေးတဲ့အတွက် ထပ်တိုးတာတွေ ရှိနိုင်သေးတယ်။ဒဏ်ရာပြင်းတဲ့သူတွေကိုလည်း ညတွင်းချင်း ဆေးရုံပို့ထားပါ တယ်” လို့ ရသေ့တောင်ဒေသခံ အုပ်ချုပ်ရေးဌာန ဝန်ထမ်းတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်တပ်ဟာအောက်တိုဘာလ ၃ ရက် မနက်အစောပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာ ကို ဗုံးကြဲခဲ့တာကြောင့်အဲဒီရွာမှ အရပ်သားပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်တွေလည်း ပျက်စီးခဲ့ရပါတယ်။
အလားတူ စစ်တပ်ကအောက်တိုဘာ ၁ ရက်နေ့ နေ့လယ်ပိုင်းမှာလည်းကျောက်တော်မြို့နယ် ဇီးချောင်းဆည်အနီးတဝိုက်၊ သကြားစက် ဘုန်းတော်ကြီးကျောင်း၊ ကျောက်ဖြူမြို့နယ် စနဲမြို့အနီးတဝိုက်နဲ့ သံတွဲမြို့ပေါ် အမှတ်(၆)ဗောဓိကုန်းရပ်ကွက်တို့ ကို ဗုံးကြဲခဲ့တာကြောင့် ကျောက်တော်မြို့မှ သံဃာတော် ၁ ပါးနဲ့ သံတွဲမြို့မှ ဒေသခံ ၂ ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၃၀ ရက်နေ့ကလည်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ ဗုံးကြဲခဲ့တာကြောင့် ၁ ဦးသေဆုံး ပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရပါတယ်။
စစ်တွေတိုက်ပွဲအတွင်း စစ်ကြောင်းလိုက် သေဆုံးပြီး တပ်စခန်းတွေလက်လွှတ်နေရတဲ့ စစ်တပ်ဟာ စစ်တွေနဲ့ ထိ စပ်နေတဲ့ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်တို့အပြင် ပြည်သူတွေနေထိုင်တဲ့ မြို့၊ရွာတွေကို လေကြောင်းကနေ ဗုံးတွေ ဆက်တိုက်ကြဲချတိုက်ခိုက်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့ပေါ် အိန္ဒိယစျေးနဲ့ ဂစ္ဆပနဒီတံတားတို့ကို ပေါင်ငါးရာ ဗုံးနှစ်လုံးကြဲချတိုက်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင်မိခင်၊ ကလေးငယ်၊ အမျိုးသမီး၊ ရိုဟင်ဂျာတွေအပါအဝင် အပြစ် မဲ့အရပ်သားပြည်သူ ၅၀ကျော်သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။လူထုနွေဦးက စုဆောင်းထားတဲ့အချက်အလက်တွေအရစက်တင်ဘာ ၄ ရက်နေ့ ကနေ အောက်တိုဘာ ၃ ရက်နေ့မနက်ပိုင်းထိ တစ်လခန့်အတွင်း ရခိုင်ပြည်နယ်မှာ စစ်တပ်ဗုံးကြဲလို့ ၊လက်နက်ကြီးနဲ့ပစ်ခတ်လို့သေဆုံးခဲ့တဲ့ပြည်သူ ၆၄ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၁၂၉ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။



















































