●ပြည်သူတွေရေဘေးကြုံနေလို့ ထိတွေ့မှုမဖြစ်ရေး ခေတ္တနောက်ဆုတ်ထားဟု တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)ထုတ်ပြန်
●ဘေးသင့်ဒေသတွေကိုစစ်ကြောင်းဆက်ထိုးလာရင်မဟာမိတ်တွေနဲ့အတူပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့သတိပေး
အောက်တိုဘာ-၄ ၊၂၀၂၆။မိုမို၊ရွှေပြည်စိုး/People’s Spring
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်း ကျေးရွာတွေက ပြည်သူတွေ ရေ ဘေးကြုံနေချိန်မှာ စစ်တပ်က စစ်ကြောင်းဆက်ထိုးနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

Public Service Announcement
အာဏာသိမ်းစစ်တပ်က ညင်းမော်ကျေးရွာကိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့အပြင်အဲဒီကတဆင့်ကဒက်ငယ်ကျေးရွာဘက်ကိုဆက်လက်စစ်ကြောင်းထိုးဝင်ရောက်မယ်လို့ ဆိုပါတယ်။
ကဒက်ငယ်ကျေးရွာဟာ ရေဘေးနဲ့ မြေပြုမှုဘေးအဆိုးရွားဆုံးကြုဲ့တွေ့နေတဲ့ ရွာဖြစ်ပြီးမြေပြိုလို့ စုစုပေါင်း ၁၅ဦး သေဆုံးထားပါတယ်။ဒေသခံတွေကကဒက်ငယ်ထိန်ရွာ တောင်ပြိုဘေးကူညီကယ်ဆယ်ရေးကော်မတီဖွဲ့စည်းပြီး ရေဘေး၊မြေပြိုမှုဘေးနဲ့နောက်ဆက်တွဲပြသာနာတွေကို ဖြေရှင်းနေကြပါတယ်။
“ရေဘေးကြောင့် အမှန်တကယ် ထိခိုက်တာ။ဆုံးရှုံးမှုအရမ်းများတယ်။စစ်ကြောင်းဝင်မယ့်သတင်းကြောင့် ဘာဆက်လုပ်ရမလဲ မသိဖြစ်နေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
နည်းဗျူဟာ(၃၃) ကွပ်ကဲမှုအောက်က တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ပြည်သူတွေ ရေဘေးဒုက္ခကျရောက်နေချိန်ဖြစ်တာကြောင့် ထိတွေ့မှုမဖြစ်စေဖို့ ခေတ္တနောက်ဆုတ်ထားတယ်လို့ အသိပေးပါတယ်။
ဒါပေမယ့် ပြည်သူတွေ အခက်အခဲကျရောက်နေချိန်မှာ စစ်တပ်ဘက်က ပြည်သူတွေရဲ့ အခက်အခဲကို လျစ်လျူရှုပြီး ဆက်လက် စစ်ကြောင်းထိုးဝင်ရောက်မယ်ဆိုရင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကလိုအပ်သလိုပြင်းထန်စွာအရေးယူမယ်လို့ နည်းဗျူဟာ(၃၃)၊ တနင်္သာရီတိုင်းစစ်ဌာနက သတိပေးပါတယ်။
“မနေ့က ညနေ ၅ နာရီလောက်မှာလောင်းလုံးမြို့ကို မြေတင်ကားသုံးစီးနဲ့အရေးပေါ်ကားတစ်စီး စကစအပြည့်တင်ဆောင်လာပြီး လောင်းလုံး အုန်းသီးဆိုင်းပုတ်မှာလာချခဲ့ပါတယ်။အင်အား၉၀ ကျော်မြေတင်ကားနဲ့ ညင်းမော်ရွာမှာ ခဏနားပြီးတော့ လောင်းလုံးအောက်ဖက်ကိုယ်ဆင်းသွားပါတယ်။ရေဘေးကယ်ဆယ်ရေးကြောင်းပြပြီးနေရာ အသီးသီးကိုအင်အားဖြန့်နေတာလို့”ထား၀ယ်ခရိုင် အမှတ်(၈၀၀၃) တပ်ရင်းတာ၀န်ရှိသူက စစ်တပ်စစ်ကြောင်းထိုးလာတဲ့အပေါ် ရှင်းပြပါတယ်။
လက်ရှိရေဘေးမှာ တော်လှန်ရေးတပ်တွေက လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ စစ်ရေးရပ်ဆိုင်းထားတဲ့ချိန်မှာ အာဏာသိမ်းစစ်တပ်က အခွင့်ရေးယူချင်တာလို့လည်း သူက အသိပေးပါတယ်။
“ရေဘေးမဖြစ်ခင်ကဆိုရင် စစ်တပ်တွေဟာ လောင်းလုံးအောက်ဖက်ကိုယ်ကားနဲ့ဆင်းတယ်ဆိုတာမရှိပါဘူး”လို့ လောင်းလုံးမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
တနင်္သာရီတိုင်းအတွင်း ထိုင်းနိုင်ငံဖက်က လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မိုးကြီးပြီး စက်တင်ဘာ ၂၆ရက်ကစတင်ကာ ရေဘေးကြုံတွေ့ခဲ့တာပါ။လောင်းလုံးနဲ့ သရက်ချောင်းမြို့ဟာ ရေဘေးနဲ့ မြေပြိုမှုအဆိုးဆုံးကြုံတွေ့နေရပြီး ဒေသခံတွေအတွက် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။
တောင်ပြိုမှုနဲ့ ရေကြီးရေလျှံမှုကြောင့် ထားဝယ်ဒေသတစ်ခုလုံးမှာ သေဆုံးသူ အနည်းဆုံး ၃၂ ဦးရှိကြောင်း အတည်ပြုထားနိုင်ပြီး လူနေအိမ်နဲ့ ဘာသာရေးအဆောက်အဦးတွေ အပါအဝင် အဆောက်အဦးပေါင်း ၃၀၀ ဝန်းကျင်၊ ငါးဖမ်းလှေအစီးရေ ၅၀ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကထုတ်ပြန်ထားပါတယ်။
အပျက်အစီးစာရင်း ဆက်လက်တိုးလာနိုင်ပြီး ဒေသခံတွေအတွက် အကူအညီတွေလိုအပ်နေတယ်လို့ထုတ်ပြန်ထားပါတယ်။ လက်ရှိ ရေဘေးနဲ့ မြေပြိုမှုဘေးကြုံတဲ့ဒေသတွေဟာစစ်တပ်က မြို့ပေါ်တွေကိုသာထိန်းချုပ်ထားနိုင်ပြီး ပတ်ဝန်းကျင်ကျေးရွာတွေကိုတော်လှန်ရေးတပ်ဖွဲ့တွေကထိန်းချုပ်ထားတာဖြစ်ပါတယ်။
ဒါ့အပြင် ကူညီကယ်ဆယ်ရေးမှာလည်း စစ်တပ်က ဆောင်ရွက်ခြင်းမရှိဘဲ ဘေးသင့်ဒေသတွေကိုစစ်ကြောင်းတွေဝင်ရောက်လာတဲ့အတွက် စိုးရိမ်နေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရေဘေးသင့် ဒေသတွေမှာစစ်ကောင်စီက စစ်ကြောင်းထိုးပြီးအရပ်သားတွေကိုဖမ်းဆီးနေသလိုလေကြောင်းတိုက်ခိုက်မှုတွေလည်းရှိနေပါတယ်။
ဒါ့အပြင်စက်တင်ဘာလ ၃၀ရက်နေ့ကထားဝယ်အရှေ့တောဒေသ ရေဝိုင်းရွာ နဲ့အောက်တိုဘာလ၁ရက်နေ့မှာသရက်ချောင်းမြို့နယ်ထဲကို လေကြောင်းကနေဗုံးကြဲခဲ့ပါတယ်။
စစ်တပ်က ရေဘေးသင့်ဒေသတွေကို ဗုံးကြဲပြီး ကယ်ဆယ်ရေးနဲ့ပတ်သက်လို့ လုံခြုံရေးအခြေ အနေအရစိတ်မချရတဲ့အတွက် ကျေးရွာတွေ ကိုသွားရောက်နိုင်ခြင်းမရှိဘူးလို့ ဝါဒဖြန့်ထားပါတယ်။
ထားဝယ်ခရိုင်ထဲကရေဖြူမြို့နယ်နဲ့လောင်းလုံးမြို့နယ်ထဲမှာလည်းမြေပြင်စစ်ကြောင်းဝင်ရောက်လာတဲ့အတွက် ဒေသခံတွေတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ရေဘေးနဲ့ မြေပ်ြိုမှု ဘေးကြုံတွေ့နေတဲ့ ဒေသတွေကို စစ်တပ်က ပြည်သူအသွင်ယူပြီး စိမ့်ဝင်နေတဲ့အတွက်လည်း ကယ်ဆယ်ရေးအဖွဲ့အစည်းတွေအနေနဲ့ အလံဖြူထောင်သွားလာခြင်းမပြုကြဖို့ တနင်္သာရီတိုင်းစစ်ဌာနနည်းဗျူဟာ(၃၃)က ထုတ်ပြန်ထားပါတယ်။
လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်အတွင်း ရေဘေးရင်ဆိုင်နေရတဲ့ပြည်သူတွေကို လာရောက်ကူညီကြမယ့်ကယ်ဆယ်ရေးအဖွဲ့တွေ ဒေသတွင်းမှာအဆင်ပြေပြေသွားရောက်နိုင်ဖို့အတွက်လည်း နည်းဗျူဟာ (၃၃)ကွပ်ကဲမှုအောက်ရှိတပ်ရင်း၊တပ်ဖွဲ့တွေနဲ့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပါဝင်ကူညီကြဖို့ တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ (၃၃)က စက်တင်ဘာလ၂၈ရက်နေ့မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
တနင်္သာရီတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေအနေနဲ့ လိုအပ်တဲ့အကူအညီကိုဆက်သွယ်တောင်းခံနိုင်တယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။


















































