အောက်တိုဘာ ၄၊ ၂၀၂၆။ မီးအိမ်/People’s Spring
မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ နေရပ်ပြန်ပို့ခံရသူတွေအနက် အချို့ဟာဒီနေ့ ညနေအထိအိမ်ပြန်မရောက်သေးသလို အဆက်အသွယ်လည်းမရသေးတဲ့သူတွေရှိနေပြီးမိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ကိုယ်တိုင်ကြုံနေရသူတွေက ပြောပါတယ်။
မလေးရှားနိုင်ငံမှာ အကြောင်းအမျိုးမျိုးနဲ့ပြစ်ဒဏ်ကျခံပြီးဖြစ်တဲ့ မြန်မာ ၁၅၀၀ နီးပါးကို နေရပ်ပြန်ပို့ခံရလို့ သွားခေါ်လာတဲ့ စစ်သင်္ဘောဟာ အောက်တိုဘာ ၄ရက်မနက်အစောပိုင်းက ရန်ကုန်မြို့က သီလဝါဆိပ်ကမ်းကို ဆိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။
မလေးရှားအစိုးရက ထိန်းသိမ်းရေးစခန်းတွေက မြန်မာနိုင်ငံသား ၅,၀၀၀ အထိ ပြန်ပို့မှာဖြစ်ပြီး စစ်တပနဲ့ ညှိနှိုင်းကာ စက်တင်ဘာ ၂၉ ရက်မှာ ပထမဆုံးအသုတ်အနေနဲ့ ၁၄၇၆ ဦးကို မလေးရှားနိုင်ငံကနေ စစ်သင်္ဘော ၃စီးနဲ့ ရန်ကုန်မြို့ကို ပြန်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
အဲဒီသူတွေကို သူတို့ရဲ့နေရပ်အလိုက် စစ်တပ်ရဲ့ တိုင်းနဲ့ပြည်နယ်စစ်အစိုးရအဖွဲ့တွေက သီလဝါဆိပ်ကမ်းကနေစောင့်ခေါ်သွားတာဖြစ်ပြီး အချို့ဟာညနေပိုင်းအထိပြန်ရောက်မလာသေးတဲ့သူတွေရှိနေတယ်လို့ ရန်ကုန်မြို့နဲ့နာရီပိုင်းအတွင်းကားနဲ့ရောက်နိုင်တဲ့ ဒေသမှာ နေထိုင်သူအချို့ကပြောပါတယ်။
” ဒီလောက်ဝေးတဲ့ခရီးလည်းမဟုတ်တာကို မရောက် လာသေးလို့စိတ်ပူနေတာ။ ဆိုင်ရာအဖွဲ့တွေကနေလှမ်းမေးတော့ လိုအပ်တဲ့ကိစ္စရပ်လေးတွေလုပ်နေတာမပြီးသေးလို့တဲ့ “လို့ ပြန်ပို့ခံရသူတွေမှာပါဝင်လာသူရဲ့ ဦးလေးတော်စပ်သူကပြောပါတယ်။သူက ပဲခူးတိုင်း၊ မြို့နယ်တစ်ခုမှာနေထိုင်တာဖြစ်ပါတယ်။
စစ်တပ်ရဲ့ ပဲခူးတိုင်းစစ်အစိုးရရဲ့ အောက်တိုဘာ ၄ရက် နေ့လယ်က သတင်းထုတ်ပြန်ချက်မှာ ရန်ကုန်မြို့ကနေသွားခေါ်လာသူ မလေးရှားပြန် အမျိုးသား ၉၂ဦး၊အမျိုးသမီး ၁၀ ဦးဖြစ်ပြီး မိသားစုဝင်တွေဆီလွှဲပြောင်းပေးပြီးပြီလို့ဖော်ပြပေမယ့် ပြန်မရောက်သေးတဲ့သူတွေလည်းရှိနေတဲ့ သတင်းတွေလည်းထွက်နေတာ ဖြစ်ပါတယ်။
စစ်တပ်က သွားရောက်ခေါ်လာသူတွေထဲကတချို့ကို စစ်မှုထမ်းထည့်မယ့်အရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြရတယ်လို့လည်း မလေးရှားကနေပြန်ပါလာသူတွေရဲ့မိသားစုဝင်တွေက ပြောပါတယ်။
ဒါအပြင် နေရပ်ပြန်ရောက်လာသူတချို့ဟာနေရပ်ပြန်စရာအိမ်မရှိသူတွေဖြစ်နေတာကြောင့် စစ်တပ်ရဲ့အသုံး ချခံရမှာ စိတ်ပူရတယ်လို့ ဒီအခြေအနေကိုစောင့်ကြည့်နေသူတချို့က ပြောပါတယ်။
“စစ်တပ်ကရသလောက် အသုံးချမယ်လို့ထင်တယ်။သူတို့စေတနာ ဒီလောက်ကောင်းမယ်မထင်ဘူး။မိသားစုမရှိတော့တဲ့သူ၊ပြန်စရာအိမ်မရှိတော့တဲ့သူတွေအတွက်က ရင်လေးစရာပိုကောင်းတယ်” လို့ ရန်ကုန်မြို့မှ လူမူကူညီရေးအသင်းအဖွဲ့ဦးဆောင်သူတစ်ဦးက ပြောပါတယ်။
စစ်တပ်ကမြန်မာနိုင်ငံသားတွေကို မလေးရှားနိုင်ငံကနေ စစ်သင်္ဘောနဲ့ပြန်ခေါ်တာအခုအကြိမ်ဟာ ဒုတိယအကြိမ်ဖြစ်ပြီး အာဏာသိမ်းခဲ့တဲ့၂၀၂၁အတွင်းက ပထမအကြိမ်သွားခေါ်ခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း ဖိနှိပ်မူမျိုးစုံကြုံနေရသလို အတင်းအကျပ်စစ်မူထမ်းခိုင်းတာတွေကြောင့် လူငယ်တွေအခက်တွေ့နေကြချိန်မှာ ထိန်းသိမ်းရေးစခန်းကသူတွေကို နေရပ်ပြန်ပို့တဲ့ မလေးရှားအစိုးရရဲ့လုပ်ရပ်အပေါ် လူမှုအဖွဲ့အစည်းတွေက ပြစ်တင်ပြောဆိုနေပါတယ်။


















































