အောက်တိုဘာ-၆၊၂၀၂၆။People’s Spring
မလေးရှားကနေ မြန်မာဖက် ပြန်ပို့လိုက်သူ ၁၅၀၀ နီးပါးထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှား ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
အာဏာသိမ်း စစ်တပ်ရဲ့ သဘောတူညီမှုအရ မလေးရှားဟာမြန်မာဖက်ကိုရွှေ့ပြောင်းဒုက္ခသည် ၅၀၀၀ လောက် ပြန်ပို့မယ်လို့ မလေးရှား အစိုးရက ကြေညာထားပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ ပထမအသုတ်အဖြစ် မြန်မာနိုင်ငံသား ၁၄၇၆ ဦးကိုမလေးရှားဖက်က ပြန်ပို့ခဲ့ပါတယ်။

Public Service Announcement
အောက်တိုဘာ ၆ ရက်နေ့မှာတော့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ပြန်ပို့ပေးလိုက်သူတွေထဲမှာ ရိုဟင်ဂျာတွေ မပါဝင်ဘူးလို့ မလေးရှားအောက်လွှတ်တော်မှာပြောကြားခဲ့ပါတယ်။
ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့မြန်မာနိုင်ငံဆီ ဒုက္ခသည်တွေ ပြန်ပို့တာ၊ ရိုဟင်ဂျာ မျိုးနွယ်စုတွေဟာဖိနှိပ်မှုတွေကြုံရနိုင်တာတွေအတွက်ဝေဖန်မှုတွေမြင့်တက်လာချိန်မှာအန်ဝါက အခုလို မှတ်ချက်ပေးခဲ့တာပါ။
မှတ်တမ်းတွေကို လေ့လာဆန်းစစ်ကြည့်တဲ့အခါပြန်ပို့လိုက်တဲ့ထဲမှာရိုဟင်ဂျာဒုက္ခသည်တွေမပါသေးဘူးလို့အန်ဝါကဆိုပါတယ်။
ဒါပေမဲ့ မြန်မာဆီဒုက္ခသည်တွေပြန်ပို့ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေ ရှိနေဆဲဖြစ်ကြောင်း၊ သူနဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဟာဆန်တို့ဟာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတောအတွင်းဒီကိစ္စအတွက် စကားပြောဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။
အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာအန်ဝါရဲ့ဖိတ်ကြားမှုကြောင့်မလေးရှားကိုအခုသီတင်းပတ်နှောင်းပိုင်းမှာ လာရောက်ဖြစ်ဖွယ် ရှိနေတယ်လို့လည်းမလေးရှားကီနီသတင်းဌာနကဖော်ပြပါတယ်။
ဒါပေမယ့် မြန်မာဖက်နဲ့ ရယူထားတဲ့ သဘောတူညီမှုအရ ပြန်လည်ပို့ဆောင်မယ့်ဒုက္ခသည်တွေဟာတိုင်းရင်းသား မျိုးနွယ်စု အမျိုးမျိုးထဲက ဖြစ်နိုင်ကြောင်း၊ ရခိုင်၊ ကရင်၊ ရှမ်း၊ ဒါမှမဟုတ် ရိုဟင်ဂျာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေကို ပြန်ပို့ဖို့ သဘောတူထားတာဖြစ်ကြောင်း အန်ဝါက မှတ်ချက်ပေးခဲ့ပါတယ်။
နောက်ပြီး အခုလို ပြန်ပို့တာဟာ ကာယကံရှင်တွေရဲ့ သဘောထား ဆန္ဒနဲ့အညီ ဖြစ်တယ်ဆိုတာအပြည့်အဝအာမခံနိုင်ကြောင်း၊ဒီအခြေအနေက သူတို့ရဲ့ လုံခြုံဘေးကင်းမှု၊ သူတို့ရဲ့ လူ့အခွင့်အရေးအပေါ် အကာအကွယ် ပေးမှုတွေအပေါ် ခိုင်မာ သေချာစေမှာဖြစ်ကြောင်း အန်ဝါက ပြောကြားသွားပါတယ်။
ဒါ့အပြင်၂၀၂၆ဇန်နဝါရီလကနေ အခုချိန်ထိ မြန်မာနိုင်ငံသား တစ်သောင်းဝန်းကျင်ကို မြန်မာနိုင်ငံကို ပြန်ပို့ခဲ့တယ်လို့လည်းသူကဆိုပါတယ် ။
ကုလသမဂ္ဂရဲ့အချက်အလက်တွေအရမလေးရှားနိုင်ငံက မြန်မာနိုင်ငံက ဒုက္ခသည် ၁၉၃,၀၀၀ ခန့်ကိုလက်ခံထားပါတယ်။ အဲဒီထဲမှာ ဒုက္ခသည် သုံးပုံနှစ်ပုံလောက်က ရိုဟင်ဂျာဒုက္ခသည်တွေဖြစ်ပါတယ် ။အခုနောက်ပိုင်းမှာ မလေးရှားနိုင်ငံက ဒုက္ခသည်တွေကို လက်ခံထားရတာဟာ ငွေကြေးဝန်ထုပ်ဝန်ပိုးဖြစ်လာသလို လုံခြုံရေးအန္တရာယ်လည်း စဖြစ်လာတယ်လို့ ဆိုလာပြီးပြန်ပို့ဖို့ပိုလုပ်လာတာဖြစ်ပါတယ်။
စစ်တပ်က ပြည်သူတွေကိုဗုံးကြဲသတ်ဖြတ်တာအပါအဝင် ပြည်တွင်းစစ်ဖြစ်နေတာ၊ စစ်တပ်က အဓမ္မစစ်သားသစ်စုဆောင်းနေတာစတာတွေကြောင့် ဒုက္ခသည်တွေ မြန်မာနိုင်ငံပြန်ပို့တာဟာ အန္တရာယ်များပြီး ရပ်ဆိုင်းထားဖို့ ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့တွေကတိုက်တွန်းနေကြပါတယ် ။
ကိုးကား – Malaysiakini ၊ Reuters



















































