အောက်တိုဘာ ၁၄၊ ၂၀၂၆။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က တစ်ရက် လူ ၄၀ ထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မုံရွာရပ်ကွက် ကင်းထောက်များအဖွဲ့က ပြောပါတယ်။
မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က အိမ်စီးကားတွေနဲ့ နေ့စဥ် အလုပ်သွားအလုပ်ပြန် လူငယ်တွေ၊ ကျောင်းသား လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်လူ ၄၀ထက်မနည်း ဖမ်းဆီးခံနေရတယ်လို့ မုံရွာရပ်ကွက် ကင်းထောက်များအဖွဲ့က ပြောပါတယ်။
“တစ်ရက် တစ်ရက် ပုံမှန်တော့မရှိဘူး။ တစ်ရက် တစ်ရက် အယောက် ၃၀နဲ့ ၄၀ အောက်မှာပဲရှိနေပါတယ်”လို့ မုံရွာရပ်ကွက် ကင်းထောက်များအဖွဲ့ရဲ့ ကင်းထောက်အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

Public Service Announcement
ပေါ်တာဆွဲခံရသူတွေထဲက ငွေကြေးတက်နိုင်သူတွေဆိုရင် ကျပ်သိန်းရာချီပေးကာ ပြန်လည်ရွေးယူနေရတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ပေါ်တာဆွဲနေတဲ့အပြင် မုံရွာမြို့ပေါ် ရပ်ကွက်တိုင်းမှာလည်း တပ်နဲ့ အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးတွေပေါင်းပြီး စစ်မှုထမ်းစာရင်းတွေကောက်ကာ ဆင့်ခေါ်စာတွေ ပေးပို့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒါ့အပြင် မုံရွာခရိုင်းအတွင်း မုံရွာ – မန္တလေးလမ်းပိုင်းမှာရှိတဲ့ ချောင်းဦးမြို့နဲ့ နတ်ရေကန်ရွာ စစ်ကောင်စီ ဂိတ်တွေကလည်း ခရီးသွားကားတွေပေါ်ကနေ ခရီးသည် အယောက်ဆယ်ချီအထိ မကြာခဏပေါ်တာဆွဲတာတွေ ရှိနေတယ်လို့ ခရီးသွားလာသူတွေထံက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။



















































