Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်လက်အောက်ခံ SNA တပ်ဖွဲ့ ဝင်အချို့ လက်နက်နဲ့အလင်းဝင်လာလို့ KIAက ကျပ်သိန်း ၂၀၀စီ ဆုချီးမြှင့်

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

(အလင်းဝင်လာတဲ့ ရှမ်းနီတပ် SNA တပ်ဖွဲ့ဝင်ကို KIA အရာရှိနဲ့အတူ တွေ့ရစည်။ ဓာတ်ပုံ - 7Stars News)

အောက်တိုဘာ ၁၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA တပ်ဖွဲ့ဝင် အချို့ အလင်းဝင်လာကြောင်း KIA သတင်းရင်းမြစ်က အတည်ပြုပါတယ်။

SNA တပ်မဟာ(၈၉၁) တပ်ရင်း(၄) တပ်ဖွဲ့က ရဲဘော် ၃ဦးဟာ အောက်တိုဘာ ၁၁ရက်မှာ လက်နက်နဲ့အတူ KIA တပ်မဟာ(၉) တပ်ရင်း(၂၆) တပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့ရာ ၁ဦးကို ကျပ်သိန်း ၂၀၀ စီ ချီးမြှင့်ခဲ့ကြောင်း KIA သတင်းတွေ ပုံမှန်ဖော်ပြနေတဲ့ 7Stars Newsက ဓာတ်ပုံမှတ်တမ်းဖော်ပြ အသိပေးလာတဲ့အပေါ် KIA တပ်မှူးတဦးက အခုလို ရှင်းပြပြောပြတာပါ။

“ကျနော်တို့ KIO အနေနဲ့ ကချင်ပြည်သူ့စစ်အဖွဲ့အသေးလေးတွေကိုတော့ အလင်းဝင်လာဖို့ ဆော်ဩထားတဲ့ဟာတွေရှိပါတယ်။ ဒါပေမဲ့ အခြား လက်နက်ကိုင် EAO အဖွဲ့တွေကိုတော့ ကျနော်တို့ဆီ လက်နက်ချတာမျိုးဖြစ်ဖြစ် အလင်းဝင်တာပဲဖြစ်ဖြစ် ပူးပေါင်းလာတာပဲ ဖြစ်ဖြစ် လုပ်ကြပါလို့ ကျနော်တို့က နှိုးဆော်ထားတာမရှိပါဘူး။ အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ကျနော်တို့ဆီကို အလင်းဝင်လာပါလို့ ကြေညာထားတဲ့ဟာတွေတော့ မရှိပါဘူး။ဒါပေမဲ့ အလင်းဝင်လာလို့ရှိရင် အဲဒီ ဒေသခံ တပ်မဟာ တပ်ရင်းတွေကနေ သူတို့ထိုက်သင့်သလို ဆုတွေပေးအပ်တဲ့ဟာတွေ သူတို့ အစီအစဉ်နဲ့ သူတို့ လုပ်ကြတာဖြစ်ပါတယ်” လို့ KIA တပ်မှူးတစ်ဦးက ပြောကြားပါတယ်။

Public Service Announcement

Public Service Announcement

အရင်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAO တစ်ခုအဖြစ် ရပ်တည်ခဲ့တဲ့ SNA ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်တပ်နဲ့ပူးပေါင်းပြီး KIA အပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

KIA အနေနဲ့ မူလကတည်းက KIO/KIAထံ အလင်းဝင်လာသူတွေကို ဆုပေးအပ်တာ၊ အိမ်တွေ ပေးတာစတဲ့ နေဖို့ ထိုင်ဖို့ စားသောက်ဖို့ ပြည့်စုံစွာ စီမံပေးခဲ့ပေမဲ့ အဲဒီဖြစ်စဉ်တွေကို သတင်းထုတ်ပြန်တာမရှိခဲ့ဘူးလို့ ဆိုပါတယ်။

“အခု ဒီနွေဦးတော်လှန်ရေးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာ NUGကနေလည်း ကျယ်ကျယ်ပြန့်ပြန့် အဲဒီလိုမျိုး အလင်းဝင်ဖို့အတွက်ဆော်ဩထားတဲ့ဟာတွေ ပေါ်လစီတွေ ချမှတ်လာတဲ့အခါကျတော့ ကျနော်တို့ဆီမှာလည်း မနေသာတော့ပါဘူး။ ကျနော်တို့ဆီ ရောက်လာတဲ့ သူတွေကိုလည်း ကျနော်တို့က ထိုက်သင့်သလို ဆုတွေ ပေးအပ်ပြီးမှ အရင်ကတည်းက ပေးအပ်ထားတဲ့ မူဝါဒအတိုင်း ပေးအပ်ပြီး မှ သတင်းထုတ်ပြန်လာတာတွေရှိတာပေါ့။ အခုမှ သတင်းထုတ်ပြန်လာတဲ့အခါကျတော့ ပြည်သူတွေက အခုမှ သိကြတာပါ” လို့ KIA တပ်မှူးတစ်ဦးက ပြောပါတယ်။

KIO/KIAထံ အလင်းဝင်လာသူတွေကို ပြည့်ပြည့်စုံစုံထောက်ပံ့ပေးကြောင်းလည်း သတင်းရင်းမြစ်က ပြောပါတယ်။

“အဲဒါကြောင့်မို့လို့ အာဏာရှင်အစိုးရစစ်တပ်အောက်ကနေ ရုန်းထွက်ပြီးမှ အလင်းဝင်ကြပါလို့ ကျနော် အဲဒီလို သတင်းပါးချင်ပါတယ်။” လို့ KIA တပ်မှူးက ပြောပါတယ်။

KIAဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အပါအဝင် မဟာမိတ်တွေနဲ့ပူးပေါင်းပြီး စစ်တပ် အထိနာအောင်တိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပါတယ်။

လက်ရှိ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်စစ်မျက်နှာတွေမှာ စစ်တပ်နဲ့တိုက်ပွဲတွေလည်းဖြစ်ပွားလျက်ရှိပါတယ်။ ၂၀၂၃နဲ့ ၂၀၂၄ ခုနှစ်တွေအတွင်း KIA ပူးပေါင်းတပ်တွေဟာ ကချင်နဲ့ရှမ်းမြောက်က စစ်တပ်စခန်းတွေ မြို့တွေ ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ်က အဲဒီ ဒေသတွေ ပြန်ရဖို့ ကြိုးပမ်းနေလို့ လတ်တလောမှာ ဗန်းမော်၊ ရွှေကူ၊ မိုးမိတ်၊ အင်းတော်ကြီးဒေသ၊ ခေါင်လန်ဖူးဒေသ၊ ဖားကန့်ဒေသတွေမှာ တိုက်ပွဲတွေရှိခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ဟာ ဆုံးရှုံးနယ်မြေအများစုကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိဘဲ တိုက်ပွဲတွေမှာ အထိနာနေတာကြောင့် စစ်အင်အားတွေ ထပ်မံဖြည့်တင်းလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ညအချိန် ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တဲ့ တိုက်ခိုက်မှု ပြီးနောက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ အဲဒီဒေသကို ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အာဏာသိမ်းစစ်တပ်က ဆိုလာတပ်ထားတဲ့ နေအိမ်တွေကို လိုက်လံစာရင်းကောက်နေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ရှမ်းမြောက်က မိုးမိတ်မြို့မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာအနီးက (၇)မိုင်ရွာဒေသခံတွေကို တော်လှန်ရေးတပ်တွေနဲ့ ပတ်သက်နေတယ်လို့စွပ်စွဲပြီး စစ်တပ်က ခြိမ်းခြောက်ဖမ်းဆီးနေတဲ့အတွက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။