အောက်တိုဘာ ၁၅၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက် ည ၇ နာရီခန့်က မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲအတွင်းမှာ အသက် ၂၀ နှစ် ဝန်းကျင်ရှိ လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အရပ်ဝတ် အင်အား ၅ ဦးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Voice Of Mandalay အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
” တစ်ယောက်ကို သိန်း ၃၀တောင်းတယ်ကြားတယ်။ ပြန်လွတ်လား မလွတ်လားတော့ မသိပါဘူး”လို့ Voice Of Mandalay အဖွဲ့ဝင်က ပြောပါတယ်။

Public Service Announcement
ဖမ်းဆီးခံရသူ လူငယ် ၃ ဦးအနက် ၁ဦးက ပြောက်ကျားအင်္ကျီ ဝတ်ဆင်ထားကာ ကျန် ၂ ဦးကတော့ တီရှပ်ဝတ်ဆင်ထားတယ်လို့ Voice Of Mandalay အဖွဲ့က ပြောပါတယ်။
ကျောက်တော်ကြီးပွဲတော်ဟာ မန္တလေးတောင်ခြေမှာရှိပြီး ပွဲတော်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်က ကင်းစခန်းဖွင့်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကျောက်တော်ကြီးပွဲမှာ ဖိုးချစ်၊ ချစ်စွမ်းသာ၊ သူရဝင်းထွဋ်တို့ရဲ့ ဇာတ်အဖွဲ့တွေ ရုံသွင်းကပြမယ်လို့ သိရပါတယ်။
မန္တလေးမြို့မှာ ပေါ်တာဆွဲနေတဲ့အပြင် ရပ်ကွက်တိုင်းနီးပါး စစ်မှုထမ်းမဲနှိုက်မှုတွေ ပြုလုပ်ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေရဲ့ သားတွေကတော့ ကင်းလွတ်ခွင့် ရရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ တိုင်းပြည်အေးချမ်းနေသယောင်ပုံရိပ်တည်ဆောက်ဖို့ ဘုရားပွဲတော်တွေကို မဖြစ်မနေလုပ်ခိုင်းနေပြီး ပွဲတော်လာလူငယ်တွေကိုလည်း စစ်မှုထမ်းဖို့ ပေါ်တာဆွဲဖမ်းဆီးတာတွေ ပြုလုပ်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လာမယ့် နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာတွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

















































