အောက်တိုဘာ ၁၅၊ ၂၀၂၆။ထားမြတ်/People’s Spring
တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
NCA စာချုပ်အကောင်အထည်ဖော်မှုကို သုံးသပ်ကြည့်ပါက စာချုပ်ကို အပြည့်အ၀ အကောင်အထည် ဖောင်နိုင်ခြင်းမရှိဘဲ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်ကစလို့ အကောင်အထည်ဖော်ရေးလုပ်ငန်းတွေ ရပ်တန့်နေတာလို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။
“ငြိမ်းချမ်းရေး အသီးအပွင့်တွေ မစံစားရ၊ မခံစားရလို့ ဒေသခံ လူထုတွေအနေနဲ့ (၁၁)နှစ်သား NCA စာချုပ်အပေါ်ယုံကြည်ကိုးစားမှုတွေ လျော့နည်း ကျဆင်းခဲ့ပါတယ်။ တဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မရှိမဖြစ် လိုအပ်တဲ့ ယုံကြည်မှုတွေကို ဆွေးနွေး ဖော်ဆွေးနွေးဖက် အချင်းချင်းကြားမှာ တည်ဆောက်နိုင်ခဲ့ခြင်းမရှိလို့ NCA. အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ နှောင့်နှေးကြန့်ကြာမှုတွေ၊ တစ်ဆို့မှုတွေ၊ အထစ်အငေါ့တွေ ရှိခဲ့ပြီး ရည်မှန်းချက် ပန်း တိုင်ထံ မရောက်ရှိနိုင်ခဲ့ပါဘူး” လို့ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

Public Service Announcement
အတိတ်ကာလမှာ ၁၉၄၇ ပင်လုံ သဘောတူညီချက်၊ ပင်လုံကတိကဝတ်တွေ လျစ်လျူရှု၊ ဖယ်ကြဉ်ထားခံခဲ့ရလို့ ပြည်ထောင်စုကို စုပေါင်း တည်ဆောက်ခဲ့ကြတဲ့ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ သျှမ်းပြည်နဲ့ ပြည်မ ခေါင်းဆောင်တွေအကြား ယုံကြည်မှုတွေ ပျက်သုဉ်းခဲ့ရတဲ့ သာဓကတွေ ရှိခဲ့တာကို သတိချပ်သင့် ကြောင်းလည်း သူက ပြောပါတယ်။
လက်ရှိ နိုင်ငံရေးအခြေအနေ အခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ငြိမ်းချမ်းရေး ရရှိလိုသည့် နိုင်ငံရေးဆန္ဒ၊ ဖြေလျှော့မှုများ ၊တန်းတူရည်တူရှိခြင်း၊ အပြန်အလှန်လေးစားမှုရှိခြင်း စတာတွေ အပေါ် အခြေခံ ဆောင်ရွက်ဖို့လည်း RCSS က တိုက်တွန်းပါတယ်။
RCSSဟာ စစ်တပ်အာဏာသိမ်းမှုကို ပထမဆုံး ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပေမဲ့ နောက်ပိုင်းမှာ နိုင်ငံရေးပြဿနာ နိုင်ငံရေးနည်းအရ အဖြေရှာမယ်ဆိုပြီး စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။
NCAစာချုပ်မှာ ပါဝင်ခဲ့တဲ့အဖွဲကတွေထဲက ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့ကတော့ စစ်တပ်အာဏာသိမ်းမှုကြောင့် NCA ပျက်ပျယ်သွားပြီဖြစ်ကြောင်း ထုတ်ပြန်ကာ စစ်တပ်နဲ့ဆွေးနွေးမှုမရှိဘဲ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒါ့အပြင် မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူအဖွဲ့(LDU)၊ ရက္ခိုင် (ALP) စတဲ့အဖွဲ့တွေဟာလည်း စစ်အာဏာရှင်ကို လက်မခံတဲ့အဖွဲ့၊ လက်ခံတဲ့အဖွဲ့ဆိုပြီး အဖွဲ့တွင်း အကွဲအပြဲတွေ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ KNU၊ CNFအဖွဲ့တွေရယ်၊ NCA လက်မှတ်မထိုးထားတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)တို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)တို့နဲ့ ပူးပေါင်းပြီး စစ်တပ်ကို စစ်ရေးနိုင်ငံရေးအပါအဝင် ဘက်ပေါင်းစုပူးပေါင်းတိုက်ခိုက်ဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ကို ဖွဲ့စည်းထားပါတယ်။ SCEF အနေနဲ့ နောက်ထပ် အဖွဲ့ဝင်အသစ်တွေ ပါဝင်ရေးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပိုမိုပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို ချေမှုန်းနိုင်ဖို့ လုပ်ဆောင်လျက်ရှိပါတယ်။

















































