အောက်တိုဘာ ၁၈-၂၀၂၆။ဇေအောင်/People’s Spring
မကွေးမြို့က စစ်တပ်လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးမှာ ပေါက်မြို့နယ်က မှတ်ပုံတင်လာလုပ်သူတွေ ကျပ်သိန်းဆယ်ချီပေးပြီး ခက်ခက်ခဲခဲလုပ်ယူနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ပေါက်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် စစ်ကောင်စီ ရုံးတွေဟာ မကွေးမြို့ပေါ်ကို ပြောင်းရွှေသွားတဲ့အတွက် မှတ်ပုံတင်ပြုလုပ်လိုတဲ့ လူငယ်တွေဟာ မကွေးမြို့ပေါ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးအထိ သွားရောက်လုပ်ကိုင်နေရပါတယ်။
အဲဒီလိုလုပ်ရတဲ့အခါမှာ မကွေးလဝကရုံးဟာ ပေါက်မြို့နယ်က မှတ်ပုံတင်လာလုပ်သူတွေကို ကျပ်သိန်းဆယ်ချီအထိ တောင်းယူနေလို့ အခက်အခဲတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“အကိုတစ်ယောက်သွားလုပ်တာ ဆယ်သိန်းကျော်ကုန်တယ်။ အရင်က သုံးလေးသောင်းနဲ့ရရမယ့်ဟာကို အခုဆယ်သိန်းကျော်အထိတောင်းတာ”လို့ မှတ်ပုံတင်သွားလုပ်ဖို့ ပြင်ဆင်နေတဲ့ ပေါက်မြို့နယ်၊ ကျေးရွာတစ်ရွာက လူငယ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မှတ်ပုံတင်ပြုလုပ်ရင်လည်း တစ်ရက်တည်းမပြီးဘဲ အိမ်ထောင်စာရင်းတွေနဲ့ မကွေးလဝကရုံးကို ကြိုတင်ရပြီး ၎င်းတို့ဖုန်းဆက်ခေါ်မယ့်နေ့မှ သွားရောက်ရတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ယခင်က ပေါက်နယ်ပြည်သူတွေဟာ ပခုက္ကူခရိုင်လဝကရုံးမှာ မှတ်ပုံတင်လုပ်လို့ရခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်းကစပြီး ပျူရွာတွေကမဟုတ်ရင် မှတ်ပုံတင်လုပ်မပေးတော့ဘူးလို့ သိရပါတယ်။
ဒေသခံတွေဟာ အလုပ်ကိစ္စအရ နယ်ဝေးသွားချင်ရင် မှတ်ပုံတင်မပါရင် စစ်တပ်ဂိတ်တွေက ခြိမ်း
ခြောက်ငွေညှစ်တာတွေ၊ အလုပ်ရဖို့ခက်ခဲတာတွေ ဖြစ်လေ့ရှိတဲ့အတွက် မှတ်ပုံတင်ရအောင် ကြိုးစားနေရကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းကာလအတွင်း ငွေဝင်ကောင်းနေတဲ့ဌာနတွေထဲ လဝကရုံးတွေလည်း ပါဝင်နေပြီး အခြားဒေသတွေမှာလည်း မှတ်ပုံတင်ရဖို့ ငွေသိန်းဆယ်ချီတောင်းယူနေတယ်လို့ သိရပါတယ်။



















































