အောက်တိုဘာ – ၁၈ ၊၂၀၂၆
မြန်မာနိုင်ငံအလယ်ပိုင်းရှိ မကွေးထောင်မှာ ထောင်တွင်း ဖိနှိပ်မှုတွေ တင်ပြဖို့အားထုတ်သူနိုင်ငံရေးအကျဉ်းသားအမျိုးသားကိုထောင်ဝန်ထမ်းတွေဝိုင်းဝန်းရိုက်နှက်တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ဒီနေ့ (အောက်တိုဘာ ၁၈ ရက်) မှာ သတင်းထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ ၁၂ ရက်ကနိုင်ငံရေးအကျဉ်းသားကိုဇေယျာအောင်ဟာ ညနေတန်းပိတ်ခါနီးအချိန် မကွေးထောင်မှာတန်းထိုင်ချိန်ကြာမြင့်တာ ၊ ထမင်းစားချိန်မှာလွတ်လွတ်လပ်လပ်စားသောက်ခွင့်မရတဲ့ဖိနှိပ်မှုတွေကို အကျဉ်းထောင်ရဲ့အဆောင် (၃) အဆောင်မှုးရုံးခန်းကိုသွားရောက်အသိ ပေးခဲ့တာပါ။
အဲဒီအဆောင်မှုးကပြန်လွှတ်လိုက်တာကြောင့်ပြန်လာချိန်မှာပဲ အဆောင် (၃) ရဲ့တန်းစီးချုပ်ဖြစ်သူအကျဉ်းသားက စတင်ရန်စသလို အနီးမှာရှိနေတဲ့အကျဉ်းသား ငါးဦးခန့်ကလည်း ကိုဇေယျာအောင်ကို ဝိုင်းဝန်းထိုးကြိတ်တယ်လို့ PPNM က ဆိုပါတယ်။

Public Service Announcement
ဒါအပြင်နောက်ထပ်အကျဉ်းသားရှစ်ဦးနဲ့ ထောင်ဝန်ထမ်းခြောက်ဦးထပ်ရောက်လာပြီးကိုဇေယျာအောင်ကို ရိုက်နှက်ကာ တိုက်နံပါတ် ၃၇ ဆီ ခေါ်ပြီး တိုက်ပိတ်လိုက်တာပါ။
ရိုက်နှက်ခေါ်ဆောင်ပြီးတိုက်ပိတ်ထားဖို့ညွှန်ကြားသူဟာအဆောင် (၃) ရဲ့ တာဝန်ခံထောင်အရာရှိဖြစ်တယ်လို့လည်း PPNM က အသိပေးထားပါတယ်။
အခုလိုရိုက်နှက်တိုက်ပိတ်ခံရသူကိုဇေယျာအောင်ဟာအကြမ်းဖက်ပုဒ်မ ၅၀ (ည)၊ ၅၂ (က) တို့နဲ့ ထောင်ဒဏ်နှစ် ၂၀ ချခံထားရသူဖြစ်ပြီး မန္တလေးအိုးဘိုထောင်ကနေ မကွေးထောင်ဆီ ထောင်ပြောင်းခံထားရသူပါ။



















































