Connect with us

Hi, what are you looking for?

သတင်း

သာယာဝတီထောင်မှာ နိုင်ကျဥ်းတွေ နှိပ်စက်ခံရပြီး ၃ ဦး တိုက်ပိတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး ၃ ဦးတိုက်ပိတ်ခံထားရကာ ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်(Justice Network For Political Prisoners)က သတင်းထုတ်ပြန်ပါတယ်။

(သာယာဝတီထောင်ကို အပြင်ဘက်မှ မြင်တွေ့ရစဉ်။ ဓာတ်ပုံ − AAPP)

စက်တင်ဘာ ၂၃၊ ၂၀၂၆။ ဇေအောင်/People’s Spring

ပဲခူးတိုင်း၊ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်နှိပ်စက်ပြီး ၃ ဦးတိုက်ပိတ်ခံထားရကာ ဆေးကုသခွင့်လည်း ပိတ်ပင်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်(Justice Network For Political Prisoners)က သတင်းထုတ်ပြန်ပါတယ်။

ယခု စက်တင်ဘာအတွင်း သာယာဝတီထောင်အတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပြီး ခြေချင်းခတ်တိုက်ပိတ်ထားမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချပြီး တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ တရားမျှတရေးကွန်ရက်-JNPPက ဒီကနေ့ စက်တင်ဘာ ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ထောင်ပိုင်လေးဦးအေးမင်းရဲ့ ဦးဆောင်ညွှန်ကြားမှုနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းမဲ့သံသယစွပ်စွဲကာ လူမဆန်စွာ အပြင်းအထန် ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေ ကျူးလွန်ခဲ့တာကို စုံစမ်းသိရှိရကြောင်း JNPP က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို အကြမ်းဖက်ရိုက်နှက်မှုတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ ဦးခေါင်းကွဲအက်တဲ့အထိ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိထားကြပြီး နိုင်ငံရေးအကျဥ်းသားတွေဖြစ်တဲ့ ကိုနေလင်းလွင်၊ ကိုအောင်ခန့်ဇော်နဲ့ ကိုဇော်မျိုးထိုက်တို့ဟာ ဒဏ်ရာတွေ အပြင်းအထန်ရရှိထားတဲ့အပြင် ခြေကျင်းခတ်ကာ တိုက်ပိတ်ခံထားရကြောင်း JNPPက ထပ်မံအသိပေးပါတယ်။

“အပြင်က အကြမ်းဖက်တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရိုက်နှက် နှိပ်စက်တယ်လို့ သိရပါတယ်။ ဒဏ်ရာရ တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဥ်းသား ၃ ဦးအပြင် အခြားနိုင်ငံရေး အကျဥ်းသားတွေလည်း ရှိပါတယ်။ စုစုပေါင်း အရေအတွက်တော့ အတိအကျမသိရပါဘူး။ လက်ရှိ ၃ ယောက်လုံး တိုက်ပိတ်ထားပါတယ်။ တစ်ဦးကတော့ ဒဏ်ရာကပြင်းထန်တဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေ ရှိတယ်လို့လည်း သိရပါတယ်။ လက်ရှိအခြေအနေအရ ဆေးကုသခွင့်လည်း မရဘူးလို့ သိရပါတယ်”လို့ JNPP ရဲ့ တာဝန်ခံ မယုမိစံက ပြောပါတယ်။

ယခုလို အကျဉ်းထောင်အာဏာပိုင်တွေရဲ့ လုပ်ရပ်ဟာ လူ့အခွင့် အရေး ကြေညာစာတမ်းပါ အခြေခံမူတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့ ပြည်တွင်းတည်ဆဲဥပဒေတွေကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်နေတာဖြစ်ကြောင်း၊ ဒါ့ကြောင့် JNPP အနေနဲ့ အကျဉ်းထောင်အတွင်း ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ အမြန်ဆုံးစုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါ့အပြင် အပြစ်မဲ့နိုင်ငံရေးအကျဉ်းသားတွေအပေါ် လူမဆန်စွာ ကျူးလွန်ခဲ့ကြသူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ပေးအပ်အရေးယူနိုင်ရေးနဲ့ တရားမျှတမှု အပြည့်အဝရရှိရေးတို့အတွက် သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တစိုက်မတ်မတ် ဆောင်ရွက်သွားမှာဖြစ်ကြောင်း အကျဉ်းသားများ တရားမျှတရေးကွန်ရက်က ထုတ်ပြန်ထားပါတယ်။

သာယာဝတီအကျဉ်းထောင်ဟာ နိုင်ငံရေးအကျဥ်းသားတွေကို ညှင်းပန်းနှိပ်စက်ရာမှာ နာမည်ကြီးတဲ့ထောင်တွေထဲ တစ်ခုအပါအဝင်ဖြစ်ပြီး သြဂုတ် ဒုတိယအပတ်ကလည်း ထောင်ပြောင်းလာရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ဦးကို ထောင်အရာရှိတွေက အလုပ်သက်သာခွင့်အတွက် တစ်ဦး ကျပ် ၃သိန်းစီပေးဖို့ အတင်းအဓမ္မ တောင်းယူခဲ့ပြီး မပေးနိုင်တဲ့သူတွေကို မိလ္လာရေ သယ်ခိုင်းခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။

အာဏာသိမ်း ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံတဝန်းက အကျဥ်းထောင်တွေထဲက နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဇူလိုင်လအတွင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

သတင်း

အကျဉ်းထောင် ၁၃ခုမှာ ထောင်အာဏာပိုင်တွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုဝင်တွေဆီကနေ ငွေကြေး မတရားခေါင်းပုံဖြတ်တာနဲ့ ဆေးဝါးပေးပို့မှု ပိတ်ပင်ကန့်သတ်တာတွေ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်လုပ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီကနေ့ စက်တင်ဘာ ၁၃ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။

Facebook