အောက်တိုဘာ ၂၁၊ ၂၀၂၆။ People’s Spring
အွန်လိုင်းမှာ ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတဲ့ မြန်မာအမျိုးသမီး တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။
ရနောင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနက မြန်မာအမျိုးသမီးကို ဖမ်းဝရမ်း ထုတ်ပြီး ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ သူဟာ အွန်လိုင်းမှာ ကုန်ပစ္စည်းတွေကို တိုက်ရိုက် ဗီဒီယို ထုတ်လွှင့်ပြီး ရောင်းချနေကြောင်း တိုင်ကြားချက်ကြောင့် အဖမ်းခံခဲ့ရတာလို့ ဆိုပါတယ်။
သက်သေ အထောက်အထားတွေ ခိုင်လုံတဲ့နောက် ပက်ခ်နမ်ရနောင်း ရဲတပ်ဖွဲ့ဟာ အောက်တိုဘာ ၁၉ ရက်နေ့မှာ တရားရုံးဆီက ဖမ်းဝရမ်း ရယူပြီး မတင်ဦးကို ရှာဖွေခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးက လိပ်စာ သတ်သတ်မှတ်မှတ် မရှိတာကြောင့် သူ့ကို နေရာရွှေ့ပြောင်းသွားတာ၊ ထွက်ပြေးသွားတာမျိုး မလုပ်နိုင်ခင် အလျင်အမြန် ရှာဖွေဖို့ ကြိုးစားခဲ့တယ်လို့ ရဲတွေက ဆိုပါတယ်။

Public Service Announcement
အောက်တိုဘာ ၂၀ မနက်ပိုင်းမှာတော့ ရဲတွေက သူ့ကို ရှာတွေ့ခဲ့ပြီး သူ့အတွက် ဖမ်းဝရမ်း ထုတ်ထားတဲ့အကြောင်း အသိပေးခဲ့ပါတယ်။ နောက်တော့ ဥပဒေကြောင်းအရ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ပက်ခ်နမ်ရနောင်း ရဲစခန်းဆီကို ခေါ်ဆောင်သွားခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်၊ ဧပြီလတုန်းက ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စည်းမျဉ်းတွေအရ နိုင်ငံခြားသားတွေဟာ အွန်လိုင်းကနေ ကုန်ပစ္စည်းတွေ ရောင်းချတာမျိုးကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားသားတွေက ဥပဒေ စည်းမျဉ်းတွေ ချိုးဖောက်ကြောင်း သံသယရှိစရာ အခြေအနေတွေ တွေ့လာရင် ဒေသဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေးရုံးတွေ၊ ဗျူရိုတွေကို ဆက်သွယ်ဖို့လည်း အာဏာပိုင်တွေက ထိုင်းပြည်သူတွေကို တိုက်တွန်းထားပါတယ်။
ကိုးကား — Chiangmai Post




















































